YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 90

90
အပိုင်း (၄)
ဆာလံကျမ်း ၉၀-၁၀၆
တည်မြဲသောဘုရားနှင့် သေတတ်သောလူ
ဘုရားသခင်​၏​လူ မောရှေ​၏​ဆုတောင်းချက်
1အို ဘုရားရှင်​၊ ကိုယ်တော်​သည် မျိုးဆက်​အစဉ်အဆက်
အကျွန်ုပ်​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။
2တောင်​များ​မ​ဖြစ်ပေါ်​မီ​၊ မြေကြီး​နှင့်​ကမ္ဘာလောက​ကို ကိုယ်တော်​ဖြစ်ပွား​စေ​တော်​မ​မူ​မီ
ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။
3ကိုယ်တော်​က “​အချင်း​လူသား​တို့​၊ ပြန်သွား​ကြ​လော့​”​ဟု မိန့်​တော်မူ​လျက်
လူ​ကို မြေမှုန့်​သို့ ပြန်သွား​စေ​တော်မူ​၏​။
4အကြောင်းမူကား ကိုယ်တော်​၏​ရှေ့မှောက်​တွင် အနှစ်​တစ်ထောင်​သည်
ကုန်လွန်​ပြီး​သော ယမန်နေ့​ကဲ့သို့​လည်းကောင်း​၊ ညဥ့်ယံ​တစ်​ယံ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။#၂ပေ 3:8။
5ကိုယ်တော်​သည် လူ​တို့​ကို လွှမ်းမိုး​တိုက်သွား​တော်မူ​၍ သူ​တို့​သည် အိပ်ပျော်​သွား​ကြ​ရ​ပါ​၏​။
လူ​သည် နံနက်အချိန်​တွင် ကြီးထွား​လာ​သည့် မြက်ပင်​ကဲ့သို့​ဖြစ်​ပါ​၏​။
6မြက်ပင်​သည် နံနက်အချိန်​တွင် ရှင်သန်​ကြီးထွား​လာ​သော်လည်း
နေဝင်ချိန်​၌ ညှိုး​၍​ခြောက်သွေ့​သွား​ပါ​၏​။
7အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ပျက်စီး​ကြ​ရ​ပါ​၏​။
ကိုယ်တော်​၏​အမျက်ဒေါသ​ကြောင့် ထိတ်လန့်​ခြင်း​ရှိ​ကြ​ပါ​၏​။
8ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊
အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း
ချထား​တော်မူ​၏​။
9အကြောင်းမူကား အကျွန်ုပ်​တို့​၏​နေ့ရက်​အားလုံး​သည်
ကိုယ်တော်​၏​အမျက်​တော်​အောက်​၌ ကုန်လွန်​သွား​ကြ​ပါ​၏​။
အကျွန်ုပ်​တို့​၏​နှစ်ကာလ​တို့​သည် သက်ပြင်း​တစ်​ချက်​အချ​မှာပင်
ကုန်ဆုံး​သွား​ပါ​၏​။
10အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။
ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။
သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင်
အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။
အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍
အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။
11ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊
အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။
12အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း
အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။
13အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။
ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။
14နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့်
အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။
သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး
ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။
15အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊
အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ
အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။
16ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊
ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။
17အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည်
အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။
အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။
အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 90: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ