YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 94

94
မှန်ကန်မျှတသောတရားစီရင်ခြင်းအရှင်
1လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊
လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။
2ကမ္ဘာမြေကြီး​ကို​တရားစီရင်​တော်မူ​သော​အရှင်​၊ ထ​တော်မူ​ပါ​။
မောက်မာ​သော​သူ​တို့​အား အကျိုးအပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​ပါ​။
3ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင်​၊ အို ထာဝရဘုရား​၊
ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင် ရွှင်မြူး​ကြ​မည်နည်း​။
4သူ​တို့​သည် မောက်မာ​သော​စကား​များ​ကို မြွက်ဟ​ပြောဆို​ကြ​ပါ​၏​။
အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဝါကြွား​ကြ​ပါ​၏​။
5အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို နှိမ်နင်း​၍
ကိုယ်တော်​၏​အမွေ​တော်​ကို နှိပ်စက်​ကြ​ပါ​၏​။
6သူ​တို့​သည် မုဆိုးမ​နှင့် တိုင်းတစ်ပါးသား​ကို သတ်ဖြတ်​ကြ​ပါ​၏​။
ဖတဆိုး​တို့​ကို​လည်း သတ်​၍
7“​ထာဝရဘုရား​က မ​မြင်​၊
ယာကုပ်​၏​ဘုရားသခင်​က မ​သိ​”​ဟု ဆို​ကြ​ပါ​၏​။
8လူ​တို့​ထဲမှ အသိတရား​ကင်းမဲ့​သော​သူ​တို့​၊ နားလည်​ကြ​လော့​။
မိုက်မဲ​သော​သူ​တို့​၊ မည်သည့်​အချိန်​မှ ပညာသတိ​ရှိ​လာ​ကြ​မည်နည်း​။
9နား​ကို​စိုက်ထား​သော​အရှင်​သည် မ​ကြား​ဘဲ​နေ​တော်မူ​မည်လော​။
မျက်စိ​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် မ​မြင်​ဘဲ​နေ​တော်မူ​မည်လော​။
10လူမျိုးတကာ​တို့​ကို ပဲ့ပြင်​သော​အရှင်​၊ လူ​ကို အသိပညာ​သင်ကြား​ပေး​သော​အရှင်​သည်
မ​ဆုံးမ​ဘဲ​နေ​တော်မူ​မည်လော​။
11လူ​၏​အကြံအစည်​တို့​သည် အချည်းနှီး​ဖြစ်ကြောင်း​ကို
ထာဝရဘုရား​သိ​တော်မူ​၏​။#၁ကော 3:20။
12-13အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​အတွက် တွင်း​တူး​စဉ်အခါ
ဒုက္ခ​ရောက်​သော​နေ့ရက်​များ​မှ​လွတ်ငြိမ်း​စေရန် ကိုယ်တော်​ပဲ့ပြင်​သော​သူ​၊
ကိုယ်တော်​၏​တရားတော်​ကို ကိုယ်တော်​သင်ကြား​ပေး​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။
14အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။#ရော 11:2။
မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။
15အကယ်စင်စစ် တရားစီရင်​ခြင်း​သည် ဖြောင့်မတ်​ခြင်း​ထံသို့ ပြန်လှည့်​လာ​၍
စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည် ၎င်း​၏​နောက်​သို့​လိုက်​ကြ​လိမ့်မည်​။
16မည်သူ​သည် ဆိုးညစ်​သော​အမှု​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက်​ထ​မည်နည်း​။
မည်သူ​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက် ရပ်တည်​မည်နည်း​။
17ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်​မ​မူ​လျှင် ငါ​၏​စိတ်ဝိညာဉ်​သည်
တစ်ခဏချင်း​တွင် ဆိတ်ငြိမ်​ရာ​အရပ်​၌ နေ​ရ​ပေ​လိမ့်မည်​။
18“​ငါ့​ခြေ​ချော်​ပြီ​”​ဟု အကျွန်ုပ်​ဆို​သောအခါ အို ထာဝရဘုရား​၊
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​၏​။
19အကျွန်ုပ်​စိတ်​ထဲ၌ စိုးရိမ်ပူပန်မှု များပြား​သောအခါ ကိုယ်တော်​၏​နှစ်သိမ့်မှု​သည်
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ချမ်းမြေ့​စေ​ပါ​၏​။
20ပြဋ္ဌာန်းချက်​အားဖြင့် အခက်အခဲ​ပြဿနာ​ကို ဖြစ်ပေါ်​စေ​သော ယုတ်မာစဉ်းလဲ​သည့်​ရာဇပလ္လင်​သည်
ကိုယ်တော်​နှင့်​မိတ်ဖွဲ့​နိုင်​ပါ​မည်လော​။
21သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏​အသက်​ကို ရန်ရှာ​ရန်​စုဝေး​၍
အပြစ်ကင်း​သော​သူ​ကို သေဒဏ်​စီရင်​ကြ​ပါ​၏​။
22သို့သော် ထာဝရဘုရား​သည် ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
ငါ​၏​ဘုရားသခင်​သည် ငါ​ခိုလှုံ​ရာ ကျောက်ဆောင်​ဖြစ်​တော်မူ​၏​။
23ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍
သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။
ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 94: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ