YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 10

10
အ​မ္မုန်​ပြည်​နှ​င့်​ရှု​ရိ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​ခြင်း
(၅​ရာ၊ ၁၉:၁-၁၉)
1ထို​နောက် အ​မ္မုန်​ရှင်​ဘု​ရင်​သည်​သေ၍ သား​တော်​ဟာ​နုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 2ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ ကျွန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​မ္မုန်​ပြည်​သို့​ရောက်​ကြ၏။ 3အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် မိ​မိ​တို့​အ​ရှင်​ဟာ​နုန်​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင် ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ မြို့​တော်​ကို​စစ်​ဆေး​စူ​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ သူ၏​ကျွန်​တို့​ကို​စေ​လွှတ်​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ​သော်။ 4ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်၍ အ​ဝတ်​ကို​တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။ 5ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​သော​အ​ခါ၊ ထို​လူ​တို့​သည် အ​လွန်​ရှက်​သော​ကြောင့် သူ​တို့​ကို ဆီး​ကြို​စေ​ခြင်း​ငှာ စေ​လွှတ်၍၊ သင်​တို့​သည် မုတ်​ဆိတ်​မ​ရှည်​မီ​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​မှာ နေ​ကြ​လော့။ ထို​နောက်​မှ ပြန်​လာ​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။
6အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။ 7ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင် ယွာ​ဘ​နှင့် ခွန်​အား​ကြီး​သော သူ​ရဲ​အ​လုံး​အ​ရင်း​အ​ပေါင်း​ကို စေ​လွှတ်၏။ 8အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍​မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ ဇော​ဘ​မြို့၊ ရ​ဟော​ဘ​မြို့၊ တော​ဘ မြို့​မှ​လာ​သော​ရှု​ရိ​လူ​နှင့် မာ​ခါ​မင်း​ကြီး၏​လူ​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။ 9ယွာ​ဘ​သည်​လည်း၊ ရှေ့၌​လည်း​ကောင်း၊ နောက်၌​လည်း​ကောင်း စစ်​မျက်​နှာ​နှစ်​ဖက်​ရှိ​သည်​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​တွင် သန်​မြန်​သော​သူ​ရှိ​သ​မျှ​တို့​ကို ရွေး​ကောက်၍ ရှု​ရိ​လူ​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၏။ 10ကြွင်း​သော​သူ​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ၊ ညီ​အ​ဘိ​ရှဲ​လက်​သို့ အပ်​လျက်၊ 11ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။ 12ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး၊ ငါ​တို့​ဘု​ရား​သ​ခင့်​မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊ 13သူ၌​ပါ​သော လူ​များ​နှင့်​တ​ကွ ရှု​ရိ​လူ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ချဉ်း​သွား​သော​အ​ခါ၊ ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ 14ရှု​ရိ​လူ​တို့​ပြေး​သည်​ကို အ​မ္မုန်​အ​မျိုး​သား​တို့​သည် မြင်​လျှင်၊ သူ​တို့​သည်​လည်း အ​ဘိ​ရှဲ​ရှေ့​မှာ​ပြေး၍ မြို့​ထဲ​သို့​ဝင်​ကြ၏။ ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​လေ၏။
15ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင် တစ်​ဖန်​စည်း​ဝေး​ကြ၏။ 16ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​လည်း စေ​လွှတ်၍၊ မြစ်​တစ်​ဖက်၌​နေ​သော ရှု​ရိ​လူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဟေ​လံ​မြို့​သို့ ရောက်​လာ​ကြ၏။ ဟာ​ဒ​ဒေ​ဇာ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​သည်​လည်း အုပ်​ရ၏။ 17ထို​သ​တင်း​ကို​ကြား​လျှင်၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယော်​ဒန်​မြစ်​ကို​ကူး​သ​ဖြင့် ဟေ​လံ​မြို့​သို့ ရောက်​လေ၏။ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၍ တိုက်​သော​အ​ခါ၊ 18ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍၊ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း ထိ​ခိုက်​သ​ဖြင့် သူ​သည် ထို​အ​ရပ်၌​သေ၏။ 19ဟာ​ဒ​ဒေ​ဇာ၌ ကျွန်​ခံ​သော​မင်း​ကြီး​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍​ကျွန်​ခံ​ကြ၏။ ထို​သို့ ရှု​ရိ​လူ​တို့​သည် နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား​တို့​ကို စစ်​မ​ကူ​ဝံ့​ကြ။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ