၂ ဓမ္မရာဇဝင် 2
2
ဒါဝိဒ်ကိုယုဒဘုရင်အဖြစ်ဘိသိက်သွန်းခြင်း
1ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစ်စုံတစ်မြို့သို့ သွားရပါမည်လောဟု ထာဝရဘုရားထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟု မေးလျှောက်သော်၊ ဟေဗြုန်မြို့သို့သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊ 2ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။#၁ရာ၊ ၂၅:၄၂-၄၃။ 3မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည်ခေါ်ခဲ့၍ သူတို့သည် ဟေဗြုန်မြို့ရွာတို့၌နေကြ၏။ 4တစ်ဖန် ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။#၁ရာ၊ ၃၁:၁၁-၁၃။
5ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာကျေးဇူးပြု၍ အလောင်းတော်ကို သင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်ချီးမင်္ဂလာကို ခံရကြပါစေသော။ 6ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကိုပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။ 7ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိ ရှိကြလော့။ သင်တို့အရှင်ရှောလု သေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိက်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ကြပြီဟု မှာလိုက်လေ၏။
ဣရှဗောရှက်ကိုဣသရေလဘုရင်တင်မြှောက် ခြင်း
8သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသား ဣရှဗောရှက်ကိုယူ၍ မဟာနိမ်မြို့သို့ ဆောင်သွားပြီးလျှင်၊ 9ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။ 10ရှောလု၏သားဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ်စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့လိုက်ကြ၏။ 11ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လ ဖြစ်သတည်း။
ဣသရေလပြည်နှင့် ယုဒပြည်စစ်ဖြစ်ခြင်း
12တစ်ဖန် နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊ 13ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာ ဆုံမိလျက် ရေကန်တစ်ဖက်တစ်ချက်၌ ထိုင်ကြ၏။ 14အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာ ကစားကြပါလေစေဟု ဆိုသော်၊ ယွာဘက ထကြပါလေစေဟု ဆိုသည်အတိုင်း၊ 15ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသား တစ်ကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန် တစ်ကျိပ်နှစ်ယောက်တို့သည် ထ၍ ကူးလာကြ၏။ 16သူတို့သည် လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဖက်၏ ခေါင်းကိုကိုင်လျက်၊ နံဘေးကိုဓားနှင့်ထိုးလျက် တစ်စုတည်း လဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။ 17ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။ 18ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလ ပါကြ၏။ အာသဟေလသည် တော၌ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။ 19အာသဟေလသည် လက်ယာဘက်လက်ဝဲဘက် သို့မလွဲ အာဗနာကိုလိုက်၏။ 20အာဗနာသည် နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟု မေးသော်၊ မှန်သည်ဟု ပြန်ပြော၏။ 21အာဗနာကလည်း၊ လက်ယာဘက်သော်လည်းကောင်း၊ လက်ဝဲဘက်သော်လည်းကောင်း လှည့်သွားလျက်၊ လုလင်တစ်ယောက်ကို ဖမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟု ဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။ 22တစ်ဖန် အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည်နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊ 23အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျားဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည်လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလ လဲ၍သေသော ထိုအရပ်သို့ ရောက်သောသူအပေါင်းတို့သည် ရပ်နေကြ၏။ 24ယွာဘနှင့်အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွားသောလမ်းနား၊ ဂိအာမြို့ရှေ့မှာရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။
25ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တစ်တပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေကြ၏။ 26ထိုအခါ အာဗနာက၊ ယွာဘကိုဟစ်၍၊ ဓားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟု မသိသော လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံး မစီရင်ဘဲနေမည်နည်းဟု ဆိုလျှင်၊ 27ယွာဘက၊ ဘုရားသခင် အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုးလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲ နေကြလိမ့်မည်ဟုဆိုလျက်၊ 28တံပိုးမှုတ်၍ လူများတို့သည် ဣသရေလအမျိုးသားတို့ကိုမလိုက်၊ စစ်မတိုက်ဘဲ ရပ်နေကြ၏။ 29အာဗနာနှင့် သူ၏လူတို့သည် တစ်ညလုံး လွင်ပြင်သို့လျှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန်ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။ 30ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန် တစ်ကျိပ်ကိုးယောက်တို့သည်မရှိ၊ ဆုံးကြပြီ။ 31ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမိန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင်လုပ်ကြံကြပြီ။ 32အာသဟေလ၏အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တစ်ညလုံးသွား၍၊ မိုးလင်းစတွင် ဟေဗြုန်မြို့သို့ရောက်ကြ၏။
လက်ရှိရွေးချယ်ထားမှု
၂ ဓမ္မရာဇဝင် 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.