တမန်တော် 18
18
ကောရိန္သုမြို့တွင်အမှုဆောင်ခြင်း
1ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္သုမြို့သို့ ရောက်လေ၏။- 2ထိုအခါ ယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတစ်ယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွ မကြာမမြင့်မီ ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊- 3အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။- 4ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားဇရပ်၌ ဆွေးနွေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။- 5သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။- 6ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊- 7ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားဇရပ်နှင့် စပ်လျက်ရှိသတည်း။- 8ကရိပ္ပုအမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
9ညအခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာ မနေနှင့်။ ဟောပြောလော့။- 10ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။- 11ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တစ်နှစ်နှင့် ခြောက်လပတ်လုံး နေလေ၏။
12အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊- 13လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ်စေခြင်းငှာ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။- 14ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။- 15သို့မဟုတ် စကားသော်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်လည်းကောင်း၊ သင်တို့၏ ဘာသာတရားသော်လည်းကောင်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာ ငါအလိုမရှိဟုဆိုလျက်၊- 16ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။- 17ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။
အန္တိအုတ်မြို့သို့ပြန်လာခြင်း
18ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့ သင်္ဘောနှင့် လွှင့်လေ၏။-#တော၊ ၆:၁၈။ 19ဧဖက်မြို့သို့ရောက်လျှင်၊ တရားဇရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။- 20ထိုသူတို့သည် မိမိတို့နှင့် အတူ ပေါလုနေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊- 21ယခုရောက်လုနီးသောပွဲကို ယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက်တစ်ဖန် သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ထား၍ သင်္ဘောနှင့် လွှင့်ပြန်လေ၏။- 22ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ သွားပြန်၏။- 23ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း လျှောက်သွားသဖြင့်၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ၏။
အာပေါလုဟောပြောခြင်း
24အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တစ်ယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။- 25သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။- 26ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို သာ၍ သေချာစွာ သင်ကြားကြ၏။- 27ထိုသူသည် အခါယပြည်သို့သွားခြင်းငှာ အလိုရှိသည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည် မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို အလွန်ထောက်မလေ၏။- 28ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 18: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.