တမန်တော် 4
4
တရားလွှတ်တော်ရှေ့ပေတရုနှင့်ယောဟန်
1ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊- 2တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊- 3တမန်တော်တို့ကို ဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။- 4တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှလောက် ရှိကြ၏။
5နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊- 6ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊- 7တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။
8ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊ 9အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊- 10သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။- 11ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။-#ဆာ၊ ၁၁၈:၂၂။ 12ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
13ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍လည်းကောင်း၊- 14အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကို မြင်၍လည်းကောင်း၊ ငြင်းခုံဆိုဖွယ်ရာ မရှိမတွေ့ကြ။- 15တမန်တော်တို့ကို လွှတ်တော်မှ ထွက်သွားစေပြီးလျှင်၊ ဤသူတို့ကို အဘယ်သို့ပြုရမည်နည်း။- 16သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှာ မတတ်နိုင်ပြီ။- 17သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- 18တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။
19ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။- 20ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။- 21ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တစ်ဖန် ခြိမ်းခြောက်ပြီးလျှင် လွှတ်ကြ၏။- 22အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ်ကျော်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကိုထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
ရဲစွမ်းသတ္တိရှိရန်ဆုတောင်းခြင်း
23တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။- 24ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ်တည်း ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော်မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။-#ထွ၊ ၂၀:၁၁။ နေ၊ ၉:၆။ ဆာ၊ ၁၄၆:၆။ 25ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။- 26လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊-#ဆာ၊ ၂:၁-၂။ 27ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည်၊-#မ၊ ၂၇:၁-၂။ မာ၊ ၁၅:၁။ လု၊ ၂၃:၁၊ ၇-၁၁။ ယော၊ ၁၈:၂၈-၂၉။ 28ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန်ဖြစ်ပါ၏။- 29အို ထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။- 30အနာရောဂါငြိမ်းစေခြင်းငှာ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းကြ၏။- 31ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။
ပစ္စည်းဥစ္စာကိုဝေမျှသုံးစွဲခြင်း
32ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ်တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစ်စုံတစ်ခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။-#တ၊ ၂:၄၄-၄၅။ 33သခင်ယေရှု ထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူအပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။- 34ထိုသူတို့တွင် ဆင်းရဲသောသူ တစ်ယောက်မျှမရှိ။ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကို ပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်၊ ရသောအဖိုးကိုယူဆောင်ခဲ့၍၊- 35တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေးကမ်းကြ၏။
36ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိလူတစ်ယောက်သည်၊- 37မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသောငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 4: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.