ဒံယေလ 11
11
1ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပထမနှစ်တွင် သူ့ကိုနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှာ ကြိုးစားအားထုတ်လေ၏။
တောင်ရှင်ဘုရင်နှင့်မြောက်ရှင်ဘုရင်
2ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။ 3ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တစ်ပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော်ကြီးလျက် အစိုးရ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည်။ 4ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
5ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတစ်ပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ 6ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှာ တောင်ရှင်ဘုရင်၏သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်းသမီးကိုလည်းကောင်း၊ ဆောင်ခဲ့သောသူတို့ကိုလည်းကောင်း၊ သူ၏သားကိုလည်းကောင်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကိုလည်းကောင်း ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။ 7ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူတစ်ယောက်သည် အဘ၏အရိုက်အရာကိုရသဖြင့် စစ်ချီ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ရောက်လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။ 8သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဖိုးထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။ 9တစ်ဖန် မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင်၏နိုင်ငံသို့ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့်မည်။
10သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတစ်ယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တစ်ဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။ 11တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းတို့ကို သိမ်းယူလိမ့်မည်။ 12ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက များစွာသော လူတို့ကို လုပ်ကြံသော်လည်း၊ မိမိအာဏာကို မတည်စေရ။ 13အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တစ်ဖန်ပေါ်လာ၍၊ အရင်ထက်များစွာသော အလုံးအရင်းတို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။ 14ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသော သူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်းငှာထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 15မြောက်ရှင်ဘုရင်သည်လာ၍ မြို့ရိုးကို တည်ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှာ ခွန်အားမရှိသောကြောင့် မဆီးတားရကြ။ 16တိုက်လာသောသူသည် မိမိအလိုအလျောက်ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ဘဲ၊ သာယာသောပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။ 17ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှာ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီးခြင်းငှာ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံမမြောက်၊ အကျိုးမရှိရ။ 18တစ်ဖန် ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတစ်ပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။ 19ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။
20ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ဘုန်းစည်းစိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။ 21ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ 22လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိတ်သဟာယခံသော မင်းလည်း ဆုံးရှုံးလိမ့်မည်။ 23အကြောင်းမူကား၊ မိတ်သဟာယပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ 24အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသောပစ္စည်းဥစ္စာ စည်းစိမ်များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဖူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံ့သော မြို့ပြတို့ကိုရခြင်းငှာ တာရှည်စွာ ကြံစည်လိမ့်မည်။ 25ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင်ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော်လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှာ နှိုးဆော်သော်လည်း မခံမရပ်နိုင်။ အကြောင်းမူကား၊ သူတစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့်မည်။ 26ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည်လည်း၊ ထိုသူ၏အကျိုးကို ဖျက်ဆီးသောအားဖြင့်၊ သူ၏တပ်မြုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။ 27ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တစ်ခုသောစားပွဲ၌ မုသားစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ 28တစ်ဖန် မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ်ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ 29ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တစ်ဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ 30အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။
31ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။#ဒံ၊ ၉:၂၇၊ ၁၂:၁၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။ 32ပဋိညာဉ်တရားကို ပြစ်မှားသောသူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။ 33လူစုထဲမှာ ပညာရှိသောသူတို့သည် အများသော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ 34လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တစ်ဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့လိုက်၍ ဆည်းကပ်ကြလိမ့်မည်။ 35အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူ အချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်း လဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။
36ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။#၂ သက်၊ ၂:၃-၄။ ဗျာ၊ ၁၃:၅-၆။ 37ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကိုလည်းကောင်း၊ မိန်းမ၌ တပ်မက်သော အလိုကိုလည်းကောင်း၊ တစ်ပါးသော ဘုရားများကိုလည်းကောင်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကိုကိုယ် ချီးမြှောက်လိမ့်မည်။ 38ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကို ချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဖွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ 39ခိုင်ခံ့သော ရဲတိုက်များကိုလည်းကောင်း၊ မိမိဝန်ခံသော တစ်ပါးအမျိုးသားဘုရားကိုလည်းကောင်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာ အုပ်စိုးရသောအခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှာ မြေကိုဝေဖန်လိမ့်မည်။
40အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေပွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။ 41သာယာသောပြည်ကိုလည်း ဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။ 42ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရလိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။ 43ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ 44သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူအများတို့ကို ဖျက်ဆီးသုတ်သင် ပယ်ရှင်းခြင်းငှာ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ 45ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှမစခြင်းငှာ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဒံယေလ 11: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.