ဒေသနာ 2
2
ပျော်မွေ့ခြင်း၏အနတ္တ
1တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ 2ရယ်မောခြင်းကို သင်သည်အရူးဖြစ်၏ ဟူ၍လည်းကောင်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍လည်းကောင်း ငါဆိုရ၏။ 3တစ်ဖန် လူသားတို့သည် မိုးကောင်းကင်အောက်၌၊ တစ်သက်လုံး ပြုသင့်သောအမှုကောင်းကို သိအံ့သောငှာ၊ ပညာတရားကိုလေ့ကျက်လျက်နှင့်၊ စပျစ်ရည်အလိုသို့လိုက်၍၊ မိုက်သောအကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။ 4ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။#၃ရာ၊ ၁၀း၂၃-၂၇။ ၆ရာ၊ ၉း၂၂-၂၇။ 5ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကိုသီးသောအပင်တို့ကိုလည်း စိုက်၏။ 6သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်းစရာဖို့ ရေကန်တို့ကိုလည်း လုပ်၏။ 7ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၍၊ ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန်အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။ 8ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ခွဲသော အခွန်ကိုလည်းကောင်း ငါဆည်းပူး၏။ အငြိမ့်သမား ယောက်ျားမိန်းမတို့ကိုလည်းကောင်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်ရာ မိန်းမမောင်းမမိဿံတို့ကိုလည်းကောင်း ငါသိမ်းယူ၏။ 9ထိုသို့ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက်၊ ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါ့ပညာလည်း တည်လျက်ရှိ၏။ 10ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်းအကျိုးကို ခံရ၏။ 11ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသောအကျိုး တစ်စုံတစ်ခုမျှ မရှိ။
ပညာနှင့်၀မ်းမြောက်ခြင်း
12တစ်ဖန်ငါလှည့်၍ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကိုလည်းကောင်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။ 13သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။ 14ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။ 15သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူလည်းကောင်း ငါအောက်မေ့၏။ 16ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူသေသကဲ့သို့ သေတတ်ပါသည်တကား။ 17ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။
18ထိုမှတစ်ပါး၊ ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။ 19ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသောအမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 20ထိုကြောင့် နေအောက်မှာ ငါကြိုးစားအားထုတ်သမျှတို့၌ မျှော်လင့်စရာမရှိ။ စိတ်ပျက်အောင် တစ်ဖန်ငါကြံစည်၏။ 21အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူဝင်စရာဖို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။ 22လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း။ 23သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 24စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။ 25ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူ ခံစားရသနည်း။ 26ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာအလုပ်လုပ်ရသောအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းပူးသိုထားရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
ဒေသနာ 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.