ထွက်မြောက်ရာ 1
1
ဣသရေလတို့ ညှဉ်းဆဲခံရခြင်း
1မိမိတို့အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား၊ 2ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ 3ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ 4ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ 5ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။#က၊ ၄၆:၈-၂၇။
6ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။ 7ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။#တ၊ ၇:၁၇။
8ထိုနောက်မှအဲဂုတ္တုပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။#တ၊ ၇:၁၈။ 9ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။ 10လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တစ်ခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲကထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။#တ၊ ၇:၁၉။ 11ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။ 12သို့သော်လည်း၊ နှိပ်စက်ခြင်းကိုခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တုလူတို့သည်စိတ်ညစ်၍၊ 13အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။ 14သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။
15ရှိဖရနှင့် ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊ 16သင်တို့သည် ဟေဗြဲမိန်းမတို့အားဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော်ရှိ၏။ 17ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။ 18အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကိုခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကို အဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊ 19ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မီ သားကိုဖွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။ 20ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်းများပြား၍ အလွန်အားကြီးကြလေ၏။ 21ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။ 22ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဖွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကားအသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။#တ၊ ၇:၁၉။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာ 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.