ယေဇကျေလ 1
1
ဘုရားသခင်ကိုမြင်သောပထမဗျာဒိတ်
(၁:၁-၇:၂၇)
ဘုန်းတန်ခိုးဆိုင်ရာဗျာဒိတ်
1သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီးနန်းကျ ပဥ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊#ဗျာ၊ ၁၉:၁၁။ 2မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရ၏။#၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။ 3ထိုအခါ ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည်ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
4ငါကြည့်ရှု၍၊ ပြင်းစွာသောလေ၊ ကြီးစွာသော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောင် ထွက်လေ၏။ 5ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံသဏ္ဌာန်ကိုဆောင်၍၊#ဗျာ၊ ၄:၆။ 6မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။ 7ခြေထောက်သည် ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဖဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သောကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာ အတောင်အောက်၌ လူလက်ရှိ၏။ 8ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။ 9အတောင်ချင်း တစ်ခုနှင့်တစ်ခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ 10မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။#ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။ 11အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်း စပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက်ရှိကြ၏။ 12ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါတစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ 13ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့် တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြားလှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။#ဗျာ၊ ၄း၅။ 14သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက် ရှိကြ၏။
15ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။ 16ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။ 17သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။ 18ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်ပြည့်ကြ၏။#ဗျာ၊ ၄:၈။ 19သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်ပါကြ၏။ 20သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ 21သူတို့သွားသောအခါ ဘီးတို့သည် သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည် ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။#ယေဇ၊ ၁၀:၉-၁၃။
22ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက်ဖွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ ဖြစ်၏။#ဗျာ၊ ၄:၆။ 23မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တစ်ခုသို့တစ်ခုတည့်တည့် ပြန့်လျက်ရှိ၍၊ ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီ ရှိ၏။ 24သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့လည်းကောင်း၊ အတောင်တို့ မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကိုချလျက်နေကြ၏။#ဗျာ၊ ၁:၁၄-၁၅၊ ၁၉:၆။ 25ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်ထဲက စကားသံသည် ထွက်၏။
26သူတို့၏ခေါင်းများအထက်၊ မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။#ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။ 27ပလ္လင်အတွင်း၌လည်းကောင်း၊ ပတ်လည်၌လည်းကောင်း၊ ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ ထွန်းတောက်လေ၏။#ယေဇ၊ ၈:၂။ 28ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.