ဟေရှာယ 32
32
တရားသောရှင်ဘုရင်
1ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ 2ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 3မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။ 4သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏လျှာသည်လည်း စကားပြီအောင် ပြောတတ်လိမ့်မည်။ 5ယုတ်သောသူကို နောက်တစ်ဖန်အမြတ်ဟူ၍လည်းကောင်း၊ စေးနှဲသောသူကိုလည်း နောက်တစ်ဖန် စွန့်ကြဲတတ်သောသူ ဟူ၍လည်းကောင်း မခေါ်ရ။ 6အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကို သာ၍ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရေငတ်သောသူကို ရေမသောက်စေခြင်းငှာလည်းကောင်း၊ ယုတ်သောစကားကို ပြော၍ မကောင်းသောအကြံကို ကြံလေဦးမည်။ 7စေးနှဲသောသူ သုံးဆောင်ရာတန်ဆာသည်လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည်မှန်သော်လည်း၊ ထိုသို့သောသူကို မုသားစကားအားဖြင့် ဖျက်ဆီးခြင်းငှာ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။ 8စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။
သတိမရှိသောသတို့သမီးတို့
9ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကို နားထောင်ကြလော့။ 10သတိမရှိသောမိန်းမတို့၊ သင်တို့သည် တစ်နှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်းခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလမရောက်ရ။ 11ငြိမ်သက်စွာနေသော မိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ်တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။ 12ရင်ပတ်ကိုခတ်ခြင်း၊ သာယာသောလယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။ 13ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သောအိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။ 14ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့်ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။ 15ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
ထာဝရငြိမ်သက်ခြင်း
16ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။ 17ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။ 18ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။ 19သို့ရာတွင်၊ မိုးသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။ 20ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 32: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.