ဟေရှာယ 38
38
ဟေဇကိမင်းဖျားနာခြင်း
(၄ရာ၊ ၂၀:၁-၁၁။ ၆ရာ၊ ၃၂:၂၄-၂၆)
1ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ 2-3ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။ 4တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊ 5သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပတ္ထနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ 6သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ 7ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ 8ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသောအရိပ်သည် ဆယ်ချက်ပြန်လေ၏။
9ယုဒမင်းကြီးဟေဇကိသည် အနာမှထမြောက်၍ ရေးထားသောစာဟူမူကား၊ 10ငါသည် ငြိမ်သက်စွာနေစဉ်အခါ၊ မရဏနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟု ငါဆိုသတည်း။ 11အသက်ရှင်သော သူတို့၏နေရာ၌၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်းဖော်ရသဖြင့်၊ နောက်တစ်ဖန် လူတို့ကို မမြင်ရ။ 12သိုးထိန်းတဲကဲ့သို့ ငါနေသောအိမ်ကိုနုတ်ပယ်၍၊ အခြားတစ်ပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ 13ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ 14ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလျော့ကြပြီ။ အို ဘုရားရှင်၊ ညှဉ်းဆဲခြင်းကိုခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
15အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ကတိပေးတော်မူပြီ။ ကတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။ 16အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက်တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကိုရှင်စေတော်မူ၏။ 17အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။ 18အကယ်စင်စစ် မရဏနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။ 19အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဖော်ပြရပါလိမ့်မည်။ 20ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တစ်သက်လုံး ဗိမာန်တော်၌ စောင်းတီး၍ သီချင်းဆိုကြလိမ့်သတည်း။
21ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကို ယူ၍နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
22ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေး၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 38: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.