သင်တို့၏ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ စစ်မှုကို ထမ်းရသောအချိန်စေ့ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသောစကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ။ တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။ တစ်ဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။ ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။ ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီးသောတန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ပါလျက်၊ ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏။ မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။
ဟေရှာယ 40 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 40:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ