ယေရမိ 25
25
အနှစ်ခုနစ်ဆယ်
1ယုဒရှင်ဘုရင် ယောရှိမင်းကြီးသားယောယကိမ် နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပထမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည်မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊#၄ ရာ၊ ၂၄:၁။ ၆ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။ 2ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့အား၊ ယေရမိ ဆင့်ဆိုဟောပြောရသည်ကား၊ 3ယုဒရှင်ဘုရင် အာမုန်သား ယောရှိ နန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲနေကြ၏။ 4ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှာ နားကိုမလှည့်ဘဲ နေကြ၏။ 5ထိုပရောဖက်တို့က၊ သင်တို့အသီးအသီးလိုက်သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော်မူသောပြည်၌ နေကြလော့။ 6အခြားတစ်ပါးသော ဘုရားနောက်သို့လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့်လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။ 7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှာ၊ ကိုယ်လက်နှင့်လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို ထွက်စေသောအခွင့် ရှိမည်အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။ 8ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊ 9ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။ 10ဤသူတို့တွင် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။#ယေ၊ ၇:၃၄။ ၁၆:၉။ ဗျာ၊ ၁၈:၂၂-၂၃။ 11ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။ #၆ ရာ၊ ၃၆:၂၁။ ယေ၊ ၂၉:၁၀။ ဒံ၊ ၉:၂။ 12ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။ 13ငါခြိမ်းသော စကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တစ်ဖက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲတိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။ 14များစွာသောလူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့်အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
ထာ၀ရဘုရား၏အမျက်တော်ဖလား
15ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ ခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သော လူမျိုးအပေါင်းတို့ကိုသောက်စေလော့။ 16သူတို့အလယ်သို့ ငါစေလွှတ်သောဓားကြောင့် သူတို့သည်သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊ 17ငါသည် ထာဝရဘုရား၏လက်တော်မှ ထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။ 18ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာ ဖြစ်စေခြင်းငှာ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊ 19အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်အစရှိသောသူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့်ရောနှောသော တစ်ပါးအမျိုးသားရှိသမျှ၊ 20ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊ 21ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ 22တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ်တစ်ဖက်၌ အစိုးရသောမင်းများ၊ 23ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကိုရိတ်တတ်သောပြည်သားရှိသမျှ၊ 24အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ်သောလူများကို အစိုးရသောမင်းအပေါင်း၊ 25ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်းအပေါင်း၊ 26တစ်ပါးနှင့်တစ်ပါး နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတစ်ပြင်လုံး၌ ရှိသမျှသော လောကီနိုင်ငံအပေါင်းပါကြသတည်း။ နောက်ဆုံး၌ ရှေရှက်ရှင်ဘုရင် သောက်ရမည်။ 27သင်တို့အလယ်သို့ ငါစေလွှတ်သောဓားကြောင့် သောက်၍ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တစ်ဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။ 28သူတို့သည် သောက်ခြင်းငှာ ထိုဖလားကို သင်၏လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။ 29အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သောမြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ်အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲ မနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဖို့ ဓားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
30ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသောစကားများ ဟူမူကား၊ ထာဝရဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာ အရပ်ဌာန တစ်ဖက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ်သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တစ်ဖက်၌ အော်ဟစ်တော်မူမည်။ 31မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့်ကွပ်မျက်စေခြင်းငှာ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
32ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေပွေသည် ထလိမ့်မည်။ 33ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှ တစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ 34အို သိုးထိန်းတို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက် နေကြလော့။ သင်တို့ကို သတ်ရသောအချိန် ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဖိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။ 35သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။ 36သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များ မြည်သံကို ကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။ 37ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့် ငြိမ်ဝပ်စွာ နေရာအရပ်တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။ 38ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့်ထွက်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ပြည်သည် လူဆိတ်ညံရာအရပ် ဖြစ်ရ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 25: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.