ယေရမိ 9
9
1ငါ၏လူမျိုးသတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက်၊ ငါသည်နေ့ညမပြတ် ငိုရမည်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သောစမ်းဖြစ်ပါစေသော။
2ငါသည် ငါ၏လူမျိုးကိုစွန့်၍ ထွက်သွားနိုင်အောင် တော၌ တဲစခန်းရှိပါစေသော။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသောသူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။ 3သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသားနှင့်တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ 4လူတိုင်း မိမိအပေါင်းအဖော်ကို သတိပြုလော့။ မိမိညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဖော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။ 5အပေါင်းအဖော်ရှိသမျှတို့သည် တစ်ယောက်ကိုတစ်ယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြောဘဲ မုသားစကားကို ပြောခြင်းငှာ မိမိတို့လျှာကို သွန်သင်ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကိုကိုယ် ပင်ပန်းစေကြပြီ။ 6သင်၏နေရာသည် မုသားအရပ်၌ရှိ၏။ အရပ်သားတို့သည် မုသားကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။ 7သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သူတို့ကိုအရည်ကျို၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုးသတို့သမီး၌ အဘယ်သို့ ငါပြုရမည်နည်း။ 8သူတို့လျှာသည် သေစေတတ်သောမြား ဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဖော်ချင်းတို့သည် နှုတ်ဖြင့် လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။ 9ထိုသို့သောအပြစ်တို့ကို ငါမစစ်ကြောဘဲနေရမည်လော။ ထိုသို့သော အမျိုးကိုဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲနေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည် မလျှောက်မသွားရ။ သိုးနွား မြည်သံကို မကြားရ။ မိုးကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။
11ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေးနေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။ 12ဤအမှုကို နားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ လျှောက်၍မသွားနိုင်အောင်၊ တစ်ပြည်လုံးသည် တောကဲ့သို့မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။ 13ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊ 14မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသို့လည်းကောင်း၊ မိရိုးဖလာအတိုင်း ဗာလဘုရားတို့ နောက်သို့လည်းကောင်း လိုက်ကြသောကြောင့်၊ 15ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကိုတိုက်မည်။ 16သူတို့မသိ၊ ဘိုးဘေးမသိဖူးသောလူမျိုးတို့တွင် အရပ်ရပ်၌ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမီတိုင်အောင်၊ သူတို့နောက်သို့ ဓားဘေးကို စေလွှတ်မည်။
စီရင်ခြင်းအတွက်မြည်တမ်းခြင်း
17ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည်မတို့ကို ခေါ်၍လာကြစေ။ လိမ္မာသောမိန်းမတို့ရှိရာသို့ စေလွှတ်၍ လာကြစေ။ 18ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲကတွေတွေ စီးထွက်စေခြင်းငှာ၊ ထိုမိန်းမတို့သည် အလျင်အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။ 19နားထောင်ကြ။ ဇိအုန်မြို့၌ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူဖျက်ဆီးခြင်းကို ခံရသည်တကား။ သူတစ်ပါးတို့သည် ငါတို့နေရာများကိုဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကိုစွန့်၍ အလွန် မိန်းမောတွေဝေကြသည်တကား။ 20အိုမိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏သမီးတို့အား ငိုကြွေးခြင်းကိုလည်းကောင်း၊ အသီးအသီး အပေါင်းအဖော်တို့အား မြည်တမ်းခြင်းကိုလည်းကောင်း သွန်သင်ကြလော့။ 21သေမင်းသည် ငါတို့ပြတင်းပေါက်သို့တက်၍၊ ငါတို့ ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။ 22ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူသေကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့လည်းကောင်း၊ သိမ်းသူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သောကောက်လှိုင်းကဲ့သို့လည်းကောင်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့။
23ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ 24ဝါကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသော ထာဝရဘုရားဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။#၁ကော၊ ၁:၃၁။ ၂ကော၊ ၁၀:၁၇။
25ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊ 26အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကိုရိတ်တတ်သောလူမျိုး၊ တော၌နေသောသူအပေါင်းတို့ကို ငါဆုံးမရသော အချိန်ကာလရောက်လိမ့်မည်။ တစ်ပါးအမျိုးသားအပေါင်းတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.