ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။- ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏။- ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။- ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။- ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့် မှန်ကြလိမ့်မည်။- ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။- ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။- ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။- သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။- ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။- သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဤပညတ်တို့ကို ငါပေး၏။ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။- ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။- ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။- ငါသည် အခြားသူမပြုဖူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြ၏။- သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။- ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။- သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
ရှင်ယောဟန် 15 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 15:1-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို