ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊- ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။- ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့ သွားကြ၏။- ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊- ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲနေ၏။- ရှိမုန်ပေတရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကိုလည်းကောင်း၊- ခေါင်းတော်၌ရှိသောပဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီ လိပ်လျက်ရှိသည်ကိုလည်းကောင်း မြင်လေ၏။- ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။- ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။- နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ့၍တွင်းထဲသို့ကြည့်လျှင်၊- ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။- ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။- ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။- ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။ ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။- တစ်ဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊- ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။- အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။ ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။- ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။- ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။- သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။- ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။ ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။- ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
ရှင်ယောဟန် 20 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 20:1-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို