ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏မိဘကိုခေါ်၍၊- ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။- မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ သိကြပါ၏။- အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။- ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။ ထိုကြောင့်၊ မျက်စိကန်းဖူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊- လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။- တစ်ဖန်ထိုသူတို့က၊ သူသည်သင်၌ အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တစ်ခါပြောပြီ၊ သင်တို့နားမကြားကြ။- အဘယ်ကြောင့် တစ်ဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။- ထိုသူတို့ကလည်း၊ သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်ဖြစ်ကြ၏။- ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။- ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။- အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။- ထိုသူသည် ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်ဟု ပြောဆို၏။- ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင် တစ်ကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။ နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။- သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊- ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကားပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊- သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွှတ်ပျပ်ကိုးကွယ်လေ၏။- ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှာလည်းကောင်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှာလည်းကောင်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။- အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။- ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 9:18-41
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ