ရှင်မဿဲ 18
18
အဘယ်သူသာ၍ကြီးမြတ်သနည်း
(မာ၊ ၉:၃၃-၃၇။ လု၊ ၉:၄၆-၄၈။)
1ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊-#လု၊ ၂၂:၂၄။ 2သူငယ်တစ်ယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ ထားပြီးမှ၊- 3ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။-#မာ၊ ၁၀:၁၅။ လု၊ ၁၈:၁၇။ 4ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။- 5အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- 6ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
7မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- 8သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကို ဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။-#မ၊ ၅:၃၀။ 9သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်ဖက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။#မ၊ ၅:၂၉။
ပျောက်သောသိုးဥပမာ
(လု၊ ၁၅:၃-၇။)
10သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- 11ထိုမှတစ်ပါး လူသားသည် ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ 12အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။- 13တွေ့ပြီးလျှင်၊ လမ်းမလွဲ မပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတစ်ကောင်၌ သာ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။- 14ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။
ပြစ်မှားသူညီအစ်ကို
15ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။-#လု၊ ၁၇:၃။ 16သို့မဟုတ် သင်၏စကားကို နားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့။-#တရား၊ ၁၉:၁၅။ 17ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူ ကဲ့သို့လည်းကောင်း၊ အခွန်ခံ ကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။- 18ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။-#မ၊ ၁၆:၁၉။ ယော၊ ၂၀:၂၃။ 19တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- 20အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ င်ရှိသည်ဟုမိန့်တော်မူ၏။
အပြစ်မလွှတ်သည့်ကျွန်ဥပမာ
21ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။-#လု၊ ၁၇:၃-၄။ 22အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။- 23ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တစ်ဦးနှင့် တူ၏။- 24စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။- 25ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။- 26ထိုကျွန်သည် ညွတ်ပျပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု လျှောက်လျှင်၊- 27သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
28ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။- 29ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ ပျပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊- 30ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မီတိုင်အောင် သူ့ကိုထောင်ထဲမှာ လှောင်ထား၏။- 31ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့် သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။- 32ထိုအခါ သခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။- 33ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊- 34အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- 35သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲ 18: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.