ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။- ထိုအခါ ယေရှုနှင့် ပါသောသူတစ်ယောက်သည် လက်ကိုဆန့်၍ ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏။- ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။- ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
ရှင်မဿဲ 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 26:36-56
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို