ရှင်မဿဲ 28
28
ရှင်ပြန်ထမြောက်တော်မူခြင်း
(မာ၊ ၁၆:၁-၁၀။ လု၊ ၂၄:၁-၁၂။ ယော၊ ၂၀:၁-၁၀။)
1ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။- 2ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- 3သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။- 4လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။- 5ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။- 6ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- 7အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်၊ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။- 8ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။- 9လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- 10ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကို တွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
အစောင့်များထံမှသတင်း
11ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသော အခြင်းအရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။- 12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကို ပေး၍၊- 13ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။- 14ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌ အမှုမရှိစေခြင်းငှာ ငါပြုမည်ဟု၊- 15သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့သည် အနှံ့အပြား ပြောဆိုကြ၏။
တပည့်တော်တို့အားမှာကြားခြင်း
(မာ၊ ၁၆:၁၄-၁၈။ လု၊ ၂၄:၃၆-၄၉။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈။)
16တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။-#မ၊ ၂၆:၃၂။ မာ၊ ၁၄:၂၈။ 17အချို့တို့သည် ယုံမှားခြင်းရှိကြ၏။- 18ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။- 19သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။-#တ၊ ၁:၈။ 20ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ပြီး၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲ 28: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.