ရှင်မာကု 1
1
ဗတ္တိဇံဆရာယောဟန်၏ဟောပြောချက်
(မ၊ ၃:၁-၁၂။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈)
1ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။- 2အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။-#မာလ၊ ၃း၁။ 3တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့် အညီ၊-#ဟေရှာ၊ ၄၀း၃။ 4ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။- 5ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။- 6ယောဟန်သည် ကုလားအုတ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။-#၄ရာ၊ ၁း၈ 7ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။- 8ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။
ဗတ္တိဇံခံခြင်း
(မ၊ ၃:၁၃-၁၇၊ လု၊ ၃:၂၁-၂၂)
9ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- 10ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊- 11သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။#ဟေရှာ၊ ၄၂း၁။ မ၊ ၁၂း၁၈၊ ၁၇း၅။ မာ၊ ၉း၇။ လု၊ ၉း၃၅။
စုံစမ်းသွေးဆောင်ခံရခြင်း
(မ၊ ၄:၁-၁၁၊ လု၊ ၄:၁-၁၃)
12ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့ သွားစေတော်မူ၏။- 13အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
တံငါသည်လေးယောက်ကိုခေါ်ခြင်း
(မ၊ ၄:၁၂-၂၂။ လု၊ ၄:၁၄-၁၅၊ ၅:၁-၁၁)
14ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- 15အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။#ဒံ၊ ၂း၄၄။ မ၊ ၃း၂
16ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- 17ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊- 18ထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။- 19ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။- 20ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှားတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
ညစ်ညူးသောနတ်စွဲသူ
(လု၊ ၄:၃၁-၃၇)
21ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။- 22ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။-#မ၊ ၇း၂၈-၂၉ 23ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊- 24ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။- 25ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊- 26ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။- 27လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။- 28သတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်း နှံ့ပြားကျော်စောလေ၏။
ရှိမုန်၏ယောက္ခမကိုကုသခြင်း
(မ၊ ၈:၁၄-၁၇။ လု၊ ၄:၃၈-၄၁)
29တရားဇရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ချင်းသွားကြ၏။- 30ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- 31ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကို ကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
32နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူ ရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊- 33တစ်မြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။- 34အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။
ဂါလိလဲပြည်တွင်ဟောပြောခြင်း
(လု၊ ၄:၄၂-၄၄)
35နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- 36ရှိမုန်နှင့် သူ၏အပေါင်းအဖော်တို့သည် လိုက်၍ရှာကြသော်၊- 37ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟု လျှောက်ဆို၏။- 38ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊- 39ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။#မ၊ ၄း၂၃၊ ၉း၃၅။
နူနာစွဲသူကိုကုသခြင်း
(မ၊ ၈:၁-၄။ လု၊ ၅:၁၂-၁၆)
40နူနာစွဲသောသူတစ်ယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- 41ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။- 42ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။- 43ယေရှုကလည်း၊ သင်သတိပြု။- 44အဘယ်သူအား စကားတစ်ခွန်းကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မြစ်တား၍ ချက်ချင်း လွှတ်လိုက်တော်မူ၏။-#ဝတ်၊ ၁၄း၁-၃၂။ 45ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.