ရှင်မာကု 11
11
ယေရုရှလင်မြို့သို့ဝင်တော်မူခြင်း
(မ၊ ၂၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉)
1ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသေအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊- 2သင်တို့ရှေ့၌ ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှ မစီးဖူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ဆောင်ခဲ့ကြ။- 3သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- 4တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။- 5ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟု ဆိုလျှင်၊- 6ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။- 7ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- 8လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- 9ရှေ့နောက် လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။-#ဆာ၊ ၁၁၈:၂၅-၂၆။ 10ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- 11ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
သင်္ဘောသဖန်းပင်ကိုဒဏ်ခတ်ခြင်း
(မ၊ ၂၁:၁၈-၁၉)
12နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။- 13အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊- 14ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။
ဗိမာန်တော်သို့ကြွတော်မူခြင်း
(မ၊ ၂၁:၁၂-၁၇။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂)
15ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊- 16ဗိမာန်တော်အထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊- 17ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား ဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။-#ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။ 18ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- 19ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မ၊ ၂၁:၂၀-၂၂)
20နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။- 21ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။- 22ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။- 23ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။-#မ၊ ၁၇:၂၀။ ၁ကော၊ ၁၃:၂။ 24ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။- 25သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။-#မ၊ ၆:၁၄-၁၅။ 26သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
အခွင့်အာဏာကိုမေးမြန်းခြင်း
(မ၊ ၂၁:၂၃-၂၇။ လု၊ ၂၀:၁-၈)
27ယေရုရှလင်မြို့သို့ တစ်ဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊- 28ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- 29ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။ ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- 30ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ဟု မိန့်တော်မူ၏။- 31ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- 32လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- 33အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 11: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.