ရှင်မာကု 13
13
ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
(မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆)
1ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- 2ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။
ဒုက္ခဆင်းရဲနှင့်ညှဉ်းပန်းခြင်းများ
(မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉)
3ထိုနောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှု ထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊- 4ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။- 5ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- 6အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။- 7သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
8လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။- 9သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။-#မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။ 10ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။- 11ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏချင်းတွင် သင်တို့ရသောစကားကိုသာပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။- 12ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- 13လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။#မ၊ ၁၀:၂၂။
ရွံရှာဖွယ်သောအရာ
(မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄)
14ပရောဖက်ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။-#ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 15အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကို ယူခြင်းငှာ မဝင်စေနှင့်။-#လု၊ ၁၇:၃၁။ 16လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။- 17ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- 18သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။- 19အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။-#ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 20ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။
21ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- 22အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်နိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- 23သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာ ရှိသမျှကို ငါပြောနှင့်ပြီ။
လူသားကြွလာတော်မူမည့်အကြောင်း
(မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈)
24ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။#ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။ 25ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-#ဟေရှာ၊ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။ 26ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-#ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။ 27ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃)
28သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။- 29ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- 30ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- 31ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
ထိုအချိန်နာရီကိုမည်သူမျှမသိ
(မ၊ ၂၄:၃၆-၄၄)
32ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။-#မ၊ ၂၄:၃၆။ 33ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။- 34ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊-#လု၊ ၁၂း၃၆-၃၈။ 35အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- 36သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကို တွေ့လိမ့်မည်။- 37စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 13: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.