ရှင်မာကု 16
16
ရှင်ပြန်ထမြောက်တော်မူခြင်း
(မ၊ ၂၈:၁-၈။ လု၊ ၂၄:၁-၁၂။ ယော၊ ၂၀:၁-၁၀)
1ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊- 2ခုနစ်ရက်တွင် ပထမနေ့ရက် နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။- 3ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။- 4ထိုကျောက်ကား အလွန်ကြီးသောကျောက် ဖြစ်သတည်း။- 5မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တစ်ယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ်လျက် လက်ယာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။- 6ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌ မရှိ။ အလောင်းတော်ထားရာအရပ်ကို ကြည့်ကြလော့။- 7သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။-#မ၊ ၂၆:၃၂။ မာ၊ ၁၄း၂၈။ 8ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူတို့မျှ မပြောမဆိုကြ။
မာဂဒလမာရိကိုကိုယ်ထင်ပြခြင်း
(ယော၊ ၂၀:၁၁-၁၈)
9ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- 10မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသတင်းကို ကြားပြောလေ၏။- 11ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။
တပည့်တော်နှစ်ယောက်ကိုကိုယ်ထင်ပြခြင်း
(လု၊ ၂၄:၁၃-၃၅)
12ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။- 13သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
တပည့်တော်တစ်ကျိပ်တစ်ပါးကိုစေခိုင်းခြင်း
(မ၊ ၂၈:၁၆-၂၀။ လု၊ ၂၄:၃၆-၄၉။ ယော၊ ၂၀:၁၉-၂၃။ တ။ ၁:၆-၈)
14ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊- 15သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။-#တ၊ ၁:၈။ 16ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။- 17ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။- 18မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။
ကောင်းကင်သို့တက်ကြွခြင်း
(လု၊ ၂၄:၅၀-၅၃။ တ၊ ၁:၉-၁၁)
19ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။-#တ၊ ၁:၉-၁၁။ 20တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်လည်းကောင်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်လည်းကောင်း ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။
ရှင်မာကုခရစ်ဝင်ပြီး၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.