ရှင်မာကု 3
3
လက်တစ်ဖက်သေသောသူ
(မ၊ ၁၂:၉-၁၄။ လု၊ ၆:၆-၁၁)
1တရားဇရပ်သို့ တစ်ဖန် ဝင်တော်မူ၍၊ ထိုဇရပ်၌ လက်တစ်ဖက်သေသောသူ တစ်ယောက်ရှိ၏။- 2ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- 3ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- 4ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။- 5ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- 6ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ချင်း တိုင်ပင်ကြ၏။
အိုင်နားမှပရိသတ်
7ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- 8ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- 9လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။-#မာ၊ ၄:၁။ လု၊ ၅:၁-၃။ 10အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- 11ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- 12သတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။#ဟေရှာ၊ ၆း၉-၁၀။
တပည့်တော်တစ်ကျိပ်နှစ်ပါးကိုရွေးချယ်ခြင်း
(မ၊ ၁၀:၁-၄။ လု၊ ၆:၁၂-၁၆)
13ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- 14ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊- 15နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှာလည်းကောင်း၊ တစ်ကျိပ်နှစ်ပါးသော သူတည်းဟူသော၊- 16ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- 17မိုးကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊- 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊- 19ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
ယေရှုနှင့်ဗေလဇေဗုလ
(မ၊ ၁၂:၂၂-၃၂။ လု၊ ၁၁:၁၄-၂၃)
20ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည်တိုင်အောင် လူများတို့သည် တစ်ဖန် စုဝေးကြပြန်၏။- 21ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- 22ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-#မ၊ ၉:၃၄၊ ၁၀:၂၅။ 23ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။- 24တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 25အိမ်သည်လည်း မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 26စာတန်သည် မိမိတစ်ဖက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။- 27သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- 28ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။- 29သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။-#လု၊ ၁၂:၁၀။ 30အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။
မယ်တော်နှင့်ညီများ
(မ၊ ၁၂:၄၆-၅၀။ လု၊ ၈:၁၉-၂၁)
31ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ ပြင်မှာရပ်နေလျက်၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။- 32ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ၏ဟု လျှောက်လျှင်၊- 33ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊- 34ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။- 35ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.