သုတ္တံ 1
1
သုတ္တံစကား၏တန်ဖိုး
1-4ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည်လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊#၃ ရာ၊ ၄:၃၂။ 5ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။ 6ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကိုလည်းကောင်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။ 7ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။#ယောဘ၊ ၂၈:၂၈၊ ဆာ၊ ၁၁၁:၁၀၊ သု၊ ၉:၁၀။
ပညာဆိုင်ရာသတိစကား
8ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ 9ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။
10ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။ 11သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ 12သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့တစ်ကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏနိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ 13အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ 14ငါတို့နှင့် ပေါင်းဖော်တော့။ ရသောဥစ္စာကို အညီအမျှပိုင်ကြစို့ဟု ဆိုသော်လည်း၊ 15ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ 16အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။ 17အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။ 18လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။ 19မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။
ပညာကိုတောင်းခံ
20ပညာသည် ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။#သု၊ ၈:၁-၃။ 21လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊ 22အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကိုမုန်းလျက်၊ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။ 23ငါဆုံးမသော စကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်။
24ငါသည်ခေါ်၍ သင်တို့သည်ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်လည်းကောင်း၊ 25ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတစ်ခွန်းကို နားမခံဘဲနေသောကြောင့်လည်းကောင်း၊ 26သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သောအမှုရောက်သောအခါ ငါပြက်ရယ်ပြုမည်။ 27သင်တို့ ကြောက်မက်ဖွယ်သောအမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့လည်းကောင်း၊ သင်တို့ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့လည်းကောင်း ရောက်လာ၍၊ သင်တို့သည် ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊ 28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။ 29အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။ 30ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။ 31ထိုကြောင့် သူတို့သည် ကိုယ်ကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်။ 32ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ 33ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံ 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.