ဆာလံ 109
109
ဒုက္ခရောက်သူတစ်ဦး၏ဆုတောင်း
1အကျွန်ုပ်ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ 2မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။ 3မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။ 4အကျွန်ုပ်၏မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပတ္ထနာပြုလျက်နေပါ၏။ 5အကျွန်ုပ်ပြုသောကျေးဇူးအတွက် မကောင်းသောအပြစ်ကိုလည်းကောင်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကိုလည်းကောင်း ဆပ်ပေးကြပါ၏။
6ထိုသို့သောသူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ယာနားမှာ ရန်သူနေပါစေ။ 7သူသည် တရားစီရင်ခြင်းကိုခံရာတွင် ရှုံးပါစေ။ သူပြုသောပတ္ထနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။ 8သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။#တ၊ ၁:၂၀။ 9သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ။ 10သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစားဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှထွက်၍၊ အစာကိုရှာကြပါစေ။ 11သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ်၍ရသော ဥစ္စာကိုလည်း တစ်ပါးအမျိုးသားလုယူပါစေ။ 12သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုးတို့ကို ကယ်မသနားသောသူ တစ်ယောက်မျှ မရှိစေနှင့်။ 13သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင်၊ သူတို့၏နာမည်သည် ကျေပျောက်ပါစေ။ 14သူ့ဘိုးဘေးတို့၏ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ။ သူ့အမိ၏အပြစ်သည် မဖြေပါစေနှင့်။ 15ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ၊ ပယ်ရှင်းတော်မူပါစေ။ 16အကြောင်းမူကား၊ ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။ 17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။ 18အဝတ်ကိုဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့လည်းကောင်း၊ ဆီကဲ့သို့ သူ၏အရိုးထဲသို့လည်းကောင်း ဝင်ပါစေ။ 19သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့လည်းကောင်း၊ သူ၏ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။ 20ငါ၏ဝိညာဉ်တစ်ဖက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရဘုရားထံ ခံရကြပါစေ။
21အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော်ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ 22အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ်အထဲ၌ နှလုံးနာလျက်ရှိပါ၏။ 23ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။ 24အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့၍ အသားလည်းလျော့ပါ၏။ 25အကျွန်ုပ်သည်လည်း သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။#မ၊ ၂၇:၃၉။ မာ၊ ၁၅:၂၉။ 26အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။ 27ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော။ 28ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။ 29အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကိုခြုံကြပါစေသော။ 30အကျွန်ုပ်သည်နှုတ်မြွက်၍၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောသူတို့အလယ်မှာ ချီးမွမ်းပါမည်။ 31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှာ၊ သူ၏လက်ယာဘက်မှာရပ်၍ နေတော်မူတတ်၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 109: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.