အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်းကျေးဇူးတော်သည် အကျွန်ုပ်၌ရောက်ပါစေသော။ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သောသူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်မျှော်လင့်သည်ဖြစ်၍၊ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။ ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ အကျွန်ုပ်သည် နှစ်သက်သောပညတ်တော်တို့၌ မွေ့လျော်ပါမည်။ နှစ်သက်သော ပညတ်တော်တို့အားလက်တို့ကိုချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။ အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏။ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သောစိတ် စွဲလန်းလျက် ရှိပါ၏။ အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်း ဖြစ်ကြပါ၏။ အို ထာဝရဘုရား၊ ညအချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကိုစောင့်ပါ၏။ ပေးတော်မူသောဩဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လှည့်၍လိုက်ပါ၏။ ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။ မတရားသောသူအပေါင်းတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ။ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ် ပေါင်းဖော်တတ်ပါ၏။ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။ ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲမခံမီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။ ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူးပြုတတ်သောသဘော ရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။ သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။ ကိုယ်တော်၏လက်တို့သည် အကျွန်ုပ်ကိုဖန်ဆင်း၍၊ ပုံသဏ္ဌာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။ နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။ အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသောဟု ဆုတောင်းပါ၏။ ကိုယ်တော်၏တရားသည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည်အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော။ မာနကြီးသောသူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
ဆာလံ 119 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:41-80
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို