အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။ အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကိုကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။ အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဖို့ ဖြစ်ပါ၏။ အကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ရယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။ သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကိုနုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်းအကြောင်းကို ပယ်ရှင်းတော်မူ၏။ အကျွန်ုပ်သည် ဖွားကတည်းကပင် လက်တော်သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင် ဖြစ်တော်မူပါပြီ။ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ ဘေးအန္တရာယ်ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
ဆာလံ 22 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 22:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို