ဆာလံ 31
31
ယုံကြည်ကိုးစားခြင်းဆုတောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 2အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန်၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်၊ အကျွန်ုပ်လုံခြုံရာရဲတိုက် ဖြစ်တော်မူပါ။ 3အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဖို့အလို့ငှာ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ပြင်တော်မူပါ။ 4ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဖို့ဝှက်ထားသော ကျော့ကွင်းထဲက အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ 5သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။#လု၊ ၂၃:၄၆။ 6မုသားအနတ္တကိုဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။ 7ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကို သိမှတ်တော်မူ၏။ 8အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။
9အိုထာဝရဘုရား၊ အကျွန်ုပ်၌အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကိုသနားတော်မူပါ။ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည်ပျက်ကြပါပြီ။ 10အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက်နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။ 11အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သောသူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကိုတွေ့မြင်သောသူတို့သည် ရှောင်၍ပြေးကြပါ၏။ 12မအောက်မေ့သောအသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ 13လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ်ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏။
14သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏။ 15အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ်သော သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 16မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 17အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပတ္ထနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်း မရှိပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက် မရဏနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။ 18မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတစ်ဖက်၌ စော်ကားသောစကားကိုပြော၍၊ မုသား၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေသော။
19ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အဖို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဖို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။ 20လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှာ ကျိန်းဝပ်တော်မူရာအတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူ၏။ ရန်တွေ့ခြင်းအသံကိုကွယ်ကာလျက်၊ တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။ 21ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံ့သောမြို့၌ အံ့ဖွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အားထင်ရှားပြတော်မူပြီ။ 22အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက်ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသောပတ္ထနာစကားသံကို ကိုယ်တော် နားထောင်တော်မူသတည်း။
23ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှားသောသူတို့ကိုကား၊ အပြစ်များစွာ ဆပ်ပေးတော်မူသတည်း။ 24ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 31: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.