ဆာလံ 38
38
"အောက်မေ့စေခြင်းငှာ စပ်ဆိုသောဆာလံ။"
1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသောစိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။ 2မြားတော်တို့သည် အကျွန်ုပ်၌စူးဝင်၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။ 3အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။ 4အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ 5အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိရွဲ့လျက် ရှိကြပါ၏။ 6အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ့်ချလျက်၊ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တစ်နေ့လုံး သွားရပါ၏။ 7အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။ 8နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။
9အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်းကိုလည်း အကြွင်းမဲ့သိတော်မူ၏။ 10အကျွန်ုပ်၏နှလုံးတုန်လှုပ်၍၊ ခွန်အားလည်းကုန်ပါပြီ။ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ။ 11အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဖော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့်၊ ဝေးဝေးရပ်လျက်၊ ပေါက်ဖော်တို့သည်လည်း၊ ရှောင်လျက်နေကြပါ၏။ 12အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တစ်နေ့လုံး မနာလိုသောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။ 13အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်သောလူကဲသို့ ဖြစ်ပါ၏။ 14နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ ဖြစ်ပါ၏။ 15အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။ 16သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သောအခါ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကိုချီးမြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ။ 17အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက်မေ့လျက် နေပါ၏။ 18ကိုယ်အပြစ်ကို ဖော်ပြပါ၏။ ပြစ်မှားမိသောကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။ 19အကျွန်ုပ်၏ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။ 20အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။ 21အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ 22အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 38: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.