ဆာလံ 40
40
လွတ်မြောက်ခြင်းအတွက်ချီးမွမ်းခြင်း
1ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။ 2ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက ငါ့ကိုဆယ်နုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။ 3ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှာ အခွင့်ပေးတော်မူ၏။ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်။ 4မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်းသို့ လွှဲသွားသော သူတို့ကို မမှီဝဲ၊ ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။
5အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဖို့ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်း လျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ် ထုတ်ဖော်ကြားပြောမည်ဟု ဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင်များလှပါ၏။
6ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊ 7ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည်သွားပါမည်ဟု ဝန်ခံပါ၏။ 8အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။#ဟေဗြဲ၊ ၁၀:၅-၇။ 9ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏။ 10ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ။ ကရုဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီးအလယ်မှာ မထိမ်မဝှက်ပါ။
ကူမတော်မူရန်ဆုတောင်းခြင်း
(ဆာလံ၊ ၇၀)
11အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။ 12အကြောင်းမူကား၊ အတိုင်းမသိ များစွာသောဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကိုမီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက် များပြားသည်ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။ 13အိုထာဝရဘုရား၊ အကျွန်ုပ်ကိုနုတ်ယူခြင်းငှာ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 14အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ 15အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော။ 16ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။
17အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုအောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 40: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.