ဆာလံ 66
66
ဘုရားရှင်၏ကြီးမြတ်ခြင်း
1မြေကြီးသားအပေါင်းတို့၊ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊ 2နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကိုပြကြလော့။ 3ကိုယ်တော်စီရင်သော အမှုတို့သည် အလွန်အံ့ဩဖွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။ 4မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။ 5ဘုရားသခင် စီရင်တော်မူသောအမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြ၏။ 6ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့်လျှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။#ထွ၊ ၁၄:၂၁၊ ယောရှု၊ ၃:၁၄-၁၇။ 7တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။ 8အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။ 9ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်း စောင့်မတော်မူ၏။
10အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။ 11ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ။ 12အကျွန်ုပ်တို့ခေါင်းပေါ်မှာ သူတစ်ပါးကိုစီးစေတော်မူပြီ။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။ 13မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။ 14ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကိုဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။ 15ဆူဖြိုးသောသိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ်ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။
16ဘုရားသခင်ကို ကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဖို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။ 17ငါသည် ဘုရားသခင်ကို နှုတ်နှင့်အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့်ချီးမွမ်းရပြီ။ 18ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ 19ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပတ္ထနာစကားသံကို မှတ်တော်မူပြီ။ 20ငါမြွက်ဆိုသော ပတ္ထနာကိုပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 66: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.