ထိုနောက်မှ ငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။- ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ချင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။- ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံရှိ၏။- ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသောပလ္လင် နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။- ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။- ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်စိနှင့် တစ်ကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။- ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။- ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ်ပါးတစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။- ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီးမွမ်းကြသောအခါ၊- အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို ကိုးကွယ်လျက်၊- အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။
ဗျာဒိတ် 4 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 4:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ