ဟေရှာယ 61:1-3
ဟေရှာယ 61:1-3 Judson Bible (JBMLE)
ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အားပေးစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
ဟေရှာယ 61:1-3 Common Language Bible (BCL)
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊ ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
ဟေရှာယ 61:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။