ရှင်ယောဟန် 14:1-31
ရှင်ယောဟန် 14:1-31 Judson Bible (JBMLE)
တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။- ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။- ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။- သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊- ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။- သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊- ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း။- ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။- ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။- ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊- သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။- သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊- ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။- ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။- ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။- ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။- ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။- ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူ့ဆီသို့ကြွ၍ နေရာချမည်။- ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။- ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။- ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။- ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။- ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။- ယခုမှစ၍ ငါသည်သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။- ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။
ရှင်ယောဟန် 14:1-31 Common Language Bible (BCL)
သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။- ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။- ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။- ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။ သောမက ``သခင်၊ အရှင်အဘယ်အရပ်သို့ သွားမည်ကိုအကျွန်ုပ်တို့မသိပါ။ အဘယ် သို့လျှင်ခရီးလမ်းကိုအကျွန်ုပ်တို့သိနိုင် ကြပါမည်နည်း'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။- ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။ ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။ သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။- ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။- ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။- သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။- ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။ ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။- ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။- ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။ ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။- ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။- ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။'' ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။ (ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။- ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။ ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။- သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။ ``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။- `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။- ထိုအမှုအရာဖြစ်ပျက်သောအခါ၌သင် တို့ယုံကြည်ကြစေရန် ယခုကပင်ကြိုတင် ၍သင်တို့အားငါပြောနှင့်ပြီ။- လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။- သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 14:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့ခမည်းတော်၏အိမ်တော်၌ နေစရာများစွာရှိ၏။ မရှိပါက မရှိကြောင်း သင်တို့အား ငါပြောခဲ့ပေလိမ့်မည်။ သင်တို့အတွက် နေရာပြင်ဆင်ရန် ငါသွားမည်။ ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။ ငါသွားရာအရပ်သို့ရောက်သောလမ်းကို သင်တို့သိကြ၏”ဟု မိန့်တော်မူ၏။ သောမက “သခင်ဘုရား၊ ကိုယ်တော်သည် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုလမ်းကို မည်သို့သိနိုင်ပါမည်နည်း”ဟု လျှောက်လျှင် ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ခမည်းတော်ကိုသိလျက် မြင်ရကြလေပြီ”ဟု မိန့်တော်မူ၏။ ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။ ယေရှုက“ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိလျက်နှင့်ပင် သင်သည် ငါ့ကိုမသိခဲ့သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ’ဟု သင်မည်သို့ဆိုနိုင်သနည်း။ ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။ ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိကြောင်းကို ယုံကြလော့။ မယုံနိုင်လျှင် ငါပြုသောအမှုများကိုထောက်၍ ယုံကြလော့။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်း ငါ၏နာမ၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။ သင်တို့သည် ငါ၏နာမ၌ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်။ သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြလိမ့်မည်။ ငါသည်လည်း ခမည်းတော်ကိုတောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလအစဉ်အဆက်ရှိစေရန် သင်တို့အားပေးတော်မူမည်။ ထိုအရှင်မှာ သမ္မာတရား၏ဝိညာဉ်တော်ဖြစ်၏။ ဤလောကသည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကိုမခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိနေမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကိုသိကြ၏။ ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။ နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။ ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။ ယုဒဣရှကာရုတ်မဟုတ်သောယုဒက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ထံ မိမိကိုယ်ကိုထင်ရှားစေရန်ကြံရွယ်တော်မူသော်လည်း လောကီသားတို့ထံ မထင်ရှားစေသည်မှာ မည်သို့နည်း”ဟု မေးလျှောက်၏။ ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုလိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။ သင်တို့နှင့်အတူရှိနေစဉ် ဤအရာများကို ငါဟောပြောခဲ့ပြီ။ သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။ ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။ ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် မဖြစ်ပျက်မီကပင် သင်တို့ကို ယခု ငါပြောထား၏။ ငါသည် သင်တို့နှင့် များစွာပြောတော့မည်မဟုတ်။ အကြောင်းမူကား ဤလောကကိုအုပ်ချုပ်သူသည် ရောက်လာတော့မည်။ သူသည် ငါ့အပေါ်၌ မည်သည့်အခွင့်အာဏာမျှမရှိ။ သို့ရာတွင် ငါသည် ခမည်းတော်ကိုချစ်ကြောင်း ဤလောကအားသိစေရန် ငါ့ကို ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤအရပ်မှသွားကြကုန်စို့။