ရှင်ယောဟန် 19:4-14
ရှင်ယောဟန် 19:4-14 Judson Bible (JBMLE)
ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။- ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊- ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊- ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တစ်ခွန်းကိုမျှ ပြန်တော်မမူ၊- ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊- အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။- ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊
ရှင်ယောဟန် 19:4-14 Common Language Bible (BCL)
ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။- သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။ ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။- လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။ ထိုသူတို့၏စကားကိုကြားလျှင်ပိလတ် မင်းသည်ပို၍ပင်ကြောက်လန့်လာ၏။- သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။- ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။ သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။- ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။ ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)- ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။
ရှင်ယောဟန် 19:4-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။ ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။ ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။ ပိလတ်မင်းသည် ထိုစကားကိုကြားရသောအခါ ပို၍ကြောက်လာသဖြင့် ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။ သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။ ယေရှုက“အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။ ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။