ရှင်ယောဟန် 6:1-13
ရှင်ယောဟန် 6:1-13 Judson Bible (JBMLE)
ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။- အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။- ယေရှုသည်တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။- ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဖိုးထိုက်သောမုန့် မလောက်ပါဟု လျှောက်၏။- ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊- မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။- ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။- ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊- စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။
ရှင်ယောဟန် 6:1-13 Common Language Bible (BCL)
ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။- သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။- သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။- ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။- သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။- (ဤသို့မေးတော်မူခြင်းမှာဖိလိပ္ပုကိုအကဲ ခပ်လို၍ဖြစ်၏။ ကိုယ်တော်ကားမိမိအဘယ် သို့ပြုမည်ကိုသိရှိပြီးဖြစ်ပေသည်။) ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။- ရှိမုန်ပေတရု၏ညီ၊ တပည့်တော်တစ်ဦးဖြစ် သူအန္ဒြေကကိုယ်တော်အား၊- ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။ ကိုယ်တော်က ``လူတို့အားထိုင်စေကြလော့'' ဟု မိန့်တော်မူ၏။ (ထိုအရပ်တွင်မြက်ထူထပ်သဖြင့်) ငါးထောင်မျှသောလူတို့သည်မြက်ပေါ်တွင် ထိုင်ကြ၏။- ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။- ထိုသူတို့စား၍ဝကြသောအခါကိုယ်တော် က ``စားကြွင်းစားကျန်များကိုမလေမလွင့် ရအောင်သိမ်းကြလော့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။- သို့ဖြစ်၍တပည့်တော်တို့သည်ကောက်သိမ်း ကြရာမုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင် မှ စားကြွင်းစားကျန်အစအနများတောင်း တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
ရှင်ယောဟန် 6:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် ဂါလိလဲပင်လယ် (တိဗေရိပင်လယ်) တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။ များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းဖြစ်သူတို့အပေါ်၌ ပြုတော်မူသောနိမိတ်လက္ခဏာများကိုမြင်၍ နောက်တော်သို့လိုက်ကြ၏။ ယေရှုသည် တောင်ပေါ်သို့တက်သွား၍ ထိုအရပ်၌ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။ ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။ ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား“ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။ ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။ ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။ တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သူ ရှိမုန်ပေတရု၏ညီအန္ဒြေက “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။ ယေရှုက“လူတို့ကိုထိုင်စေကြလော့”ဟု မိန့်တော်မူ၏။ (ထိုနေရာ၌ မြက်ပင်ထူထပ်လျက်ရှိ၏။) သို့ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသောယောက်ျားတို့သည် ထိုင်ကြ၏။ ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။ ထိုသူတို့သည် ဝလင်စွာစားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား“တစ်စုံတစ်ခုမျှ အလဟဿမဖြစ်စေရန် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြလော့”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။