ယောဘ 1:6-22
ယောဘ 1:6-22 Judson Bible (JBMLE)
ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏။ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။ စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ ယောဘထံသို့ တစ်မန်တစ်ယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ဘုရားသခင်၏မီးသည် မိုးကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ၊ တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။
ယောဘ 1:6-22 Common Language Bible (BCL)
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။ စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
ယောဘ 1:6-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်နေ့တွင် ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောအခါ စာတန်သည်လည်း သူတို့နှင့်အတူရောက်လာ၏။ ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။ ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။ စာတန်ကလည်း ထာဝရဘုရားအား “ယောဘသည် ဘုရားသခင်ကို အကြောင်းမဲ့ကြောက်ရွံ့ရိုသေပါမည်လော။ သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။ ယခု လက်တော်ကိုဆန့်၍ သူ၌ရှိသမျှကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော့်ကို မျက်ဝါးထင်ထင်ကျိန်ဆဲပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူ၌ရှိသမျှကို သင့်လက်၌ ငါအပ်ပြီ။ သူ့ကိုမူ ကိုယ်ထိလက်ရောက်မပြုရ”ဟု မိန့်တော်မူ၏။ စာတန်သည်လည်း ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြ၏။ ထိုအခါ ယောဘထံသို့ တမန်တစ်ဦးရောက်လာပြီး “နွားများ ထွန်ယက်နေ၍ မြည်းများ အနီးအနား၌ ကျက်စားနေကြစဉ် ရှေဘပြည်သားတို့သည် နွားနှင့်မြည်းတို့ကို တိုက်ခိုက်သိမ်းယူသွားပါပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ကြပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာ၍ အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတမန်တစ်ဦးရောက်လာ၍ “ဘုရားသခင်၏မီးသည် ကောင်းကင်မှကျလာ၍ သိုးနှင့်အစေခံတို့ကို လောင်ကျွမ်းလေပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတစ်ဦးရောက်လာ၍ “အရှင်၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြစဉ် တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက် “ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။ ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။