YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2:12-32

ယောလ 2:12-32 Judson Bible (JBMLE)

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။ အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရန် ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ဖန် ပြန်​လာ၍ နောင်​တ​ရ​ပြီး​လျှင်၊ ကောင်း​ကြီး​မင်္ဂ​လာ​ကို ထား​ရစ်​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား၍ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ လူ​များ​တို့​ကို ခေါ်၍ စု​ဝေး​သော ပ​ရိ​သတ်​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ အ​သက်​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ငယ်​သော​သူ​နှင့် နို့​စို့​သော​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ​ကြ​လော့။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ခန်း​ထဲ​က​လည်း​ကောင်း၊ မင်္ဂ​လာ ဆောင်​သ​တို့​သ​မီး​သည် မိ​မိ​ကွယ်၍​နေ​သော ကု​လား​ကာ​တွင်း​က​လည်း​ကောင်း ထွက်​စေ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အိမ်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ ငို​ကြွေး​လျက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​များ​ကို သ​နား​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စိုး​ရ၍ အ​မွေ​တော်​လူ​တို့​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့ ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ​စေ။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။ မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။ အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။ အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။ ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။ အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။ သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​လယ်၌ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား မ​ရှိ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။

ယောလ 2:12-32 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည် ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။ အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍ သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။ ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ခေါ်​ယူ​ကြ​လော့။ လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။ ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ ``အို ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ပြည် တော်​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​ကို​ပြ​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​အား​က​ရု​ဏာ​ထား တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။ ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ ``အို လယ်​ပြင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​များ​အ​တွက်၊ ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။ သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။ သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။ ``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။ ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။ သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။ ထို​ကာ​လ​၌​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ယောကျာ်း​အ​စေ​ခံ​များ​နှင့်၊မိန်း​မ​အ​စေ​ခံ​များ အ​ပေါ်​သို့​ပင်​သက်​ရောက်​စေ​တော်​မူ​မည်။ ``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​မ​တော် မူ​ရန် လျှောက်​ထား​ကြ​သူ​လူ​အ​ပေါင်း​တို့​မူ​ကား၊ ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း `ယေ​ရု​ရှ​လင်​မြို့​သူ၊ မြို့​သား အ​ချို့​တို့​သည်​အ​သက်​ဘေး​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ​ရွေး​ချယ်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''

ယောလ 2:12-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ယခုပင် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့ ပြန်လာ​၍ အစာရှောင်​လျက် ငိုကြွေး​မြည်တမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။ သင်​တို့​သည် အဝတ်​ကို​မ​ဆုတ်​၊ နှလုံးသား​ကို​ဆုတ်​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​သို့ ပြန်လာ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​၊ ဘေးအန္တရာယ်​ကို လွှဲဖယ်ပေး​တော်မူ​တတ်​သော​ဘုရား ဖြစ်​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် စိတ်​တော်​ပြေ​၍ ကိုယ်တော်​အား ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ပူဇော်​ခွင့်​ကောင်းချီး​ကို ချန်ထား​ပေး​မည်​၊ မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​။ ဇိအုန်​တောင်​ပေါ်တွင် တံပိုး​ကို​မှုတ်​ကြ​လော့​။ အစာရှောင်​ရန် အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။ လူ​တို့​ကို​စုဝေး​စေ​၍ လူထုကြီး​ကို စင်ကြယ်​စေ​လော့​။ သက်ကြီးဝါကြီး​များ​ကို စုရုံး​စေ​လော့​။ နို့စို့ကလေး​မှစ၍ ကလေးငယ်​တို့​ကို စုစည်း​လော့​။ သတို့သား​ကို အခန်း​ထဲမှ​လည်းကောင်း​၊ သတို့သမီး​ကို မင်္ဂလာခန်း​မှ​လည်းကောင်း ထွက်လာ​စေ​လော့​။ ထာဝရဘုရား​၏​အမှု​တော်​ဆောင် ယဇ်ပုရောဟိတ်​တို့​သည် ဆင်ဝင်ပေါက်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် ငိုကြွေး​လျက် “​အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အမွေ​တော်​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​ဖြစ်​အောင် ပြု​တော်​မ​မူ​ပါ​နှင့်​။ လူမျိုးခြား​တို့​က ‘သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း’​ဟူ၍ လူမျိုးတကာ​၏​အလယ်​တွင် အဘယ်ကြောင့် ဆို​ရ​ပါ​မည်နည်း​”​ဟု လျှောက်​ကြ​စေ​။ ထိုအခါ ထာဝရဘုရား​သည် မိမိ​ပြည်​တော်​အဖို့ စိတ်အားထက်သန်​၍ မိမိ​၏​လူမျိုး​တော်​ကို ညှာတာ​တော်မူ​မည်​။ ထာဝရဘုရား​က မိမိ​လူမျိုး​တော်​အား “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​ကို ပေးသနား​၍ သင်​တို့​သည် ဝပြော​စွာ​စားသောက်​ရ​မည်​။ သင်​တို့​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​ဖြစ်စေ​တော့​မည်​မ​ဟုတ်​။ မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။ အို ပြည်​တော်​၊ မ​ကြောက်ရွံ့​နှင့်​။ ဝမ်းမြောက်​ရွှင်လန်း​လော့​။ ထာဝရဘုရား​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​လေ​ပြီ​။ အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။ အို ဇိအုန်​သား​တို့​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည်​ဖြောင့်မတ်မှန်ကန်​တော်မူ​သည့်​အတိုင်း သင်​တို့​အဖို့ မိုးဦး​ကို ရွာ​စေ​တော်မူ​ပြီ​။ မိုးဦး​၊ မိုးနှောင်း​ကို​လည်း ယခင်က​ကဲ့သို့ပင် ရွာ​သွန်း​စေ​တော်မူ​ပြီ​။ ကောက်နယ်တလင်း​တို့​သည် ကောက်ပဲသီးနှံ​နှင့် ပြည့်​လိမ့်မည်​။ စည်​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ဖြင့် ပြည့်​လိမ့်မည်​။ “သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။ သင်​တို့​သည် ဝလင်​စွာ​စား​ရ​သဖြင့် သင်​တို့​အဖို့ အံ့ဖွယ်​သော​အမှု​ပြု​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို သင်​တို့​ချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည် ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။ ထို​ကာလ​တွင် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​အပေါ်​သို့​ပင်လျှင် ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။ ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။