ယောရှု 1:1-9
ယောရှု 1:1-9 Judson Bible (JBMLE)
ထာဝရဘုရား၏ကျွန်မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊ ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။ မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်းသမျှသောမြေကို သင်တို့အားငါပေးမည်။ တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။ သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။ သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
ယောရှု 1:1-9 Common Language Bible (BCL)
ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊- ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။- မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။- သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။- ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။- သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။- အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။- ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။- သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
ယောရှု 1:1-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက “ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။ မောရှေအား ငါကတိပေးခဲ့သည့်အတိုင်း သင်တို့ခြေချလေရာမြေဟူသမျှကို သင်တို့အားငါပေးမည်။ သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။ အားယူ၍ရဲရင့်ခြင်းရှိလော့။ ဤပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်ကို သူတို့အား အမွေခွဲဝေပေးရမည်။ အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။ ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။ သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။