ရှင်လုကာ 22:39-62
ရှင်လုကာ 22:39-62 Judson Bible (JBMLE)
ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။- ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊- တပည့်တော်တို့နှင့် ကျောက်ခဲတစ်ပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊- အို အဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။- ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။- ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။- ယေရှုကလည်း၊ ယုဒ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။- ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ဓားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊- တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။- ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေတော်မူ၏။- ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့အား ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကို ဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။- ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ သို့သော်လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။- အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။- ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊- ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။- ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။- တစ်ဖန် တစ်နာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊- ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။- ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊- ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
ရှင်လုကာ 22:39-62 Common Language Bible (BCL)
ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။- ထိုအရပ်သို့ရောက်တော်မူလျှင်ကိုယ်တော် က ``သင်တို့သည်စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။ ထိုနောက်တပည့်တော်တို့နှင့်ခဲတစ်ပစ်ခန့် ကွာသောအရပ်သို့ကြွတော်မူ၍ဒူးထောက် လျက်၊- ``အို အဖ၊ အလိုတော်ရှိလျှင်ဤဒုက္ခဝေဒနာ ခွက်ကိုဖယ်ရှားတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်၊ ကိုယ်တော်ရှင်၏အလို တော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆု တောင်းတော်မူ၏။- ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။- ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။ ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။- ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။ ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။- သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။ တပည့်တော်တို့သည်အခြေအနေကိုမှန်းဆ မိကြသောအခါကိုယ်တော်အား ``အရှင်၊ အကျွန်ုပ် တို့သည်ဋ္ဌားဖြင့်ခုတ်ရမည်လော'' ဟုမေးလျှောက် ကြ၏။- တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။ ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။ ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။- ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။ ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။- လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။- ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။ သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။ ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။ သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။ ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။ သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။- အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။- သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။
ရှင်လုကာ 22:39-62 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က“ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက် “အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။ ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။ ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် “အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။ သို့သော် ယေရှုက“ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော”ဟု မေးတော်မူ၏။ ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင် သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအခါ ယေရှုက“ဤမျှနှင့်ရပ်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။ ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။ ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။ သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။ ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။ သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။ တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း“ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့် အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။