ရှင်မဿဲ 22:34-46
ရှင်မဿဲ 22:34-46 Judson Bible (JBMLE)
ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊- သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ၊- အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်းဟု မေးလျှောက်သော်၊- ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊- ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။- ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။- ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။- အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။- ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
ရှင်မဿဲ 22:34-46 Common Language Bible (BCL)
ဇဒ္ဒုကဲတို့မချေပနိုင်အောင်ဤသို့သခင်ယေရှု ဖြေကြားတော်မူလိုက်ကြောင်းကိုဖာရိရှဲတို့ ကြားလျှင်အထံတော်သို့စုရုံးလာကြ၏။- သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။- ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။- ဒုတိယအကြီးမြတ်ဆုံးပညတ်ကား၊ အိမ်နီးချင်း ကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် ဖြစ်၏။- ဤပညတ်နှစ်ပါးတို့သည်မောရှေ၏ပညတ်ကျမ်း တစ်စောင်လုံးနှင့်ပရောဖက်ကျမ်းများ၏အချုပ် အခြာပင်ဖြစ်သတည်း'' ဟုမိန့်တော်မူသည်။ ဖာရိရှဲတို့စုရုံးမိကြသောအခါသခင်ယေရှု က ``မေရှိယကိုသင်တို့မည်သို့ထင်မြင်ယူဆ ကြသနည်း။ သူသည်မည်သူ၏သားမြေးဖြစ် သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ဒါဝိဒ်၏သားမြေးဖြစ်ပါသည်'' ဟုလျှောက်ကြလျှင်၊ ကိုယ်တော်က ``သို့ဖြစ်ပါမူဒါဝိဒ်မင်းသည်သန့်ရှင်း သောဝိညာဉ်တော်၏နှိုးဆော်ချက်ဖြင့်မေရှိယကို အရှင်ဟုအဘယ်ကြောင့်ခေါ်ပါသနည်း။ ဒါဝိဒ်မင်းကြီးက၊ `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ရောက်စေရမည်။ ယင်းသို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ဘုရားသခင်ကငါ၏အရှင်အားမိန့်တော်မူသည်' ဟုမြွက်ဆိုခဲ့၏။ အကယ်၍ဒါဝိဒ်မင်းသည်မေရှိယကိုအရှင်ဟု ခေါ်ပါမူမေရှိယသည်အဘယ်သို့လျှင်ဒါဝိဒ်၏ သားမြေးဖြစ်နိုင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုအခါကိုယ်တော်အားမည်သူမျှအဖြေမပေး နိုင်ကြ။ ထိုနေ့မှစ၍မည်သူမျှကိုယ်တော်အား နောက်ထပ်မမေးမြန်းဝံ့တော့ပေ။
ရှင်မဿဲ 22:34-46 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဇဒ္ဒုကဲတို့ကို ကိုယ်တော်နှုတ်ဆိတ်စေတော်မူခဲ့ကြောင်း ဖာရိရှဲတို့ကြားလျှင် အတူတကွစုဝေးလာကြ၍ သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် “ဆရာ၊ ပညတ်တရားထဲတွင် မည်သည့်ပညတ်ချက်သည် ကြီးမြတ်သနည်း”ဟု မေးလျှောက်လေ၏။ ကိုယ်တော်ကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံးနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်။’ ဤသည်ကား ကြီးမြတ်သည့် ပထမပညတ်ချက်ဖြစ်၏။ ဒုတိယပညတ်ချက်သည်လည်း ၎င်းနည်းတူဖြစ်ပြီး ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။ ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းအလုံးစုံတို့သည် ဤပညတ်ချက်နှစ်ပါးအပေါ်တွင်တည်၏”ဟု မိန့်တော်မူ၏။ ထို့နောက် ဖာရိရှဲတို့စုဝေးနေကြစဉ် ယေရှုက “သင်တို့သည် ခရစ်တော်နှင့်ပတ်သက်၍ မည်သို့ ထင်မြင်ကြသနည်း။ သူသည် မည်သူ၏သားဖြစ်သနည်း”ဟု မေးတော်မူလျှင် သူတို့က “ဒါဝိဒ်၏သားဖြစ်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဒါဝိဒ်သည် သူ့ကို ဝိညာဉ်တော်အားဖြင့် ‘သခင်’ဟု ခေါ်လျက် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထားသည်မှာ မည်သို့နည်း။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။