ရှင်မဿဲ 26:36-45
ရှင်မဿဲ 26:36-45 Judson Bible (JBMLE)
ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။
ရှင်မဿဲ 26:36-45 Common Language Bible (BCL)
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊- ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊- ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။- ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။- စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။- ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။ ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။- ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။
ရှင်မဿဲ 26:36-45 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ငါသည် ထိုနေရာသို့သွား၍ ဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု မိန့်တော်မူပြီးလျှင် ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့် “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“သင်တို့သည် တစ်နာရီမျှ ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။ ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။