11
လာဇရုကို သေခြင်းမှထမြောက်စေတော်မူခြင်း
1လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။ 2ထိုမာရိသည် ယေရှု၏ ခြေကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်၏။ သူ၏ မောင် လာဇရုသည် ဖျားနာလျက်ရှိသောကြောင့် 3ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
4ထိုသတင်းကို ယေရှု ကြားတော်မူသောအခါ “ဤဖျားနာခြင်းသည် သေစေမည့်ဖျားနာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် ဖျားနာခြင်းဖြစ်၏။ ဤဖျားနာခြင်းကြောင့် ဘုရားသခင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။ 5ယေရှုသည် မာသ၊ မာရိနှင့် လာဇရုတို့ကို ချစ်တော်မူ၏။ 6လာဇရုဖျားနာကြောင်းကို ကြားသော် မိမိရှိသည့်အရပ်တွင် နှစ်ရက် ထပ်၍နေတော်မူ၏။ 7ထို့နောက် တပည့်တော်တို့အား “ယုဒပြည်သို့ နောက်တစ်ဖန်သွားကြစို့” ဟု မိန့်တော်မူ၏။
8တပည့်တော်တို့က “ဆရာတော်#11:8 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… မကြာသေးမီကပင် ယုဒပြည်မှလူတို့သည် ဆရာတော်ကို ခဲနှင့်ပေါက်သတ်ရန် ကြိုးစားခဲ့ကြ၏။ သို့နှင့်ပင် ထိုအရပ်သို့ တစ်ဖန်ကြွတော်မူမည်လော” ဟု လျှောက်ကြ၏။
9ယေရှုက “တစ်ရက်တွင် နေ့အချိန် ဆယ့်နှစ်နာရီရှိ၏။ ဤကမ္ဘာလောကအား အလင်းရောင်ကို ပေးသောသူကြောင့် လူတို့သည် နေ့အချိန်တွင် ခလုတ်မတိုက်ဘဲ သွားလာနိုင်ကြ၏။ 10ညအချိန်တွင် သွားလာလျှင်မူ သူ၌ အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏” ဟု မိန့်တော်မူ၏။ 11ထိုသို့ မိန့်တော်မူပြီးနောက် ယေရှုက “ငါတို့၏မိတ်ဆွေ လာဇရုသည် အိပ်ပျော်လျက်ရှိ၏။ သူ့ကို နှိုးရန် ငါသွားမည်” ဟု မိန့်တော်မူ၏။
12တပည့်တော်တို့က “သခင်… သူသည် အိပ်ပျော်နေပါက သက်သာပါလိမ့်မည်” ဟု လျှောက်ကြ၏။ 13ယေရှုက လာဇရုသေဆုံးကြောင်းကို ဆိုလိုတော်မူသော်လည်း ပုံမှန်အတိုင်းအိပ်ပျော်နေကြောင်း ဆိုလိုတော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
14ထို့ကြောင့် ယေရှုက “လာဇရုသေဆုံးပြီ။ 15ထိုနေရာတွင် ငါမရှိခဲ့သည်မှာ သင်တို့ယုံကြည်လာကြစေရန်ဖြစ်၏။ ထို့ကြောင့် သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့ ငါတို့သွားကြစို့” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
16အမြွှာပူး#11:16 “အမြွှာပူး” ဟူသော အဓိပ္ပာယ်သည် “ဒိဒုမု” ဟူသည့် ဂရိဘာသာစကားမှ လာသည်။ဟု ခေါ်တွင်သော သောမက “ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ အသေခံရန် လိုက်သွားကြစို့” ဟု အခြားတပည့်တော်တို့အား ပြောလေ၏။
17ယေရှုသည် ဗေသနိရွာသို့ ရောက်သော် လာဇရုကို သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ပြီးသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ကြားသိတော်မူ၏။ 18ဗေသနိရွာသည် ဂျေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာ#11:18 မူရင်းဂရိကျမ်းတွင် ၁၅ စတာဒီယွန်ဟု ဖော်ပြထားသည်။ ကွာဝေး၏။ 19ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။ 20ယေရှုကြွလာတော်မူကြောင်း မာသသည် ကြားသောအခါ ထွက်၍ ဆီးကြိုလေ၏။ မာရိမှာမူ အိမ်၌ နေရစ်ခဲ့၏။ 21မာသက ယေရှုအား “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ။ 22သို့သော် ယခုလည်း သခင်တောင်းလျှောက်လျှင် တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါ၏” ဟု လျှောက်လေ၏။
23ယေရှုက “သင်၏မောင်သည် ပြန်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
24မာသကလည်း “နောက်ဆုံးသောနေ့၊ သေရာမှထမြောက်မည့်ကာလတွင် သူသည်လည်း ပြန်ရှင်မည်ကို ကျွန်မသိပါ၏” ဟု လျှောက်လေ၏။
25ယေရှုက “ငါသည် သေလွန်သောသူတို့ကို ပြန်ရှင်စေ၍ အသက်ကို ပေးပိုင်သူဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်ရှင်လိမ့်မည်။ 26ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူသည် သေခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ငါ့စကားကို သင်ယုံကြည်သလော” ဟု မိန့်တော်မူ၏။
27မာသကလည်း “ယုံကြည်ပါ၏ သခင်။ သခင်သည် ဘုရားသခင်ထံမှ ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏သားတော် ခရစ်တော်#11:27 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်ကြောင်း ကျွန်မယုံကြည်ပါ၏” ဟု လျှောက်လေ၏။ 28ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ ငိုကြွေးနေကြသူများအထဲမှ မိမိညီမ မာရိကို ခေါ်လျက် “ဆရာတော် ကြွလာပြီ။ သင့်ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်ပြောလေ၏။ 29ထိုစကားကို ကြားသောအခါ မာရိသည် အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့ သွားလေ၏။
30ယေရှုသည် ရွာထဲသို့ ကြွတော်မမူသေးဘဲ မာသလာရောက်ကြိုဆိုသောအရပ်၌ပင် ရှိတော်မူ၏။ 31မာရိကို နှစ်သိမ့်ရန် အိမ်၌ ရောက်ရှိနေကြသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကို တွေ့မြင်ကြ၏။ သူတို့က မာရိသည် လာဇရု၏ သင်္ချိုင်းသို့ သွား၍ ငိုကြွေးမည်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့သည် မာရိနောက်သို့ လိုက်သွားကြ၏။ 32မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
33ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
34ယေရှုက “လာဇရုအလောင်းကို အဘယ်မှာ သင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။
သူတို့က “သခင် ကြွလာ၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။ 35ထိုအခါ ယေရှုသည် မျက်ရည်ကျတော်မူ၏။ 36အနီးတွင်ရပ်နေသောဂျူးလူမျိုးတို့က “ကြည့်ပါ။ သူသည် လာဇရုကို အလွန်ချစ်၏” ဟု ပြောဆိုကြ၏။ 37သို့ရာတွင် အချို့သောသူတို့က “မျက်မမြင်ကို မြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်း မသေစေရန် မတတ်နိုင်သလော” ဟု ဆိုကြ၏။
38ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။ 39ယေရှုက “ကျောက်တုံးကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။
ထိုအခါ သေလွန်သူ၏ အစ်မဖြစ်သူ မာသက “သခင်… လာဇရုသေသည်မှာ လေးရက်ရှိပါပြီ။ ထို့ကြောင့် ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်” ဟု လျှောက်လေ၏။
40ယေရှုက “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ရမည်ဟု သင့်အား ငါပြောခဲ့ပြီ မဟုတ်လော” ဟု မာသကို မိန့်တော်မူ၏။ 41သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။ 42အဖသည် အကျွန်ုပ်တောင်းလျှောက်သမျှကို အစဉ်အမြဲနားဆင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့ရာတွင် ယခုကဲ့သို့ တောင်းလျှောက်ရခြင်းမှာ ဝန်းရံလျက်ရှိသော ဤလူတို့အတွက် ဖြစ်ပြီး အကျွန်ုပ်ကို အဖစေလွှတ်တော်မူကြောင်းကို သူတို့ယုံကြည်လာစေရန် ဖြစ်ပါသည်” ဟု မြွက်ဆိုတော်မူ၏။ 43ထိုသို့ မြွက်ဆိုတော်မူပြီးမှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူ၏။
44လာဇရုသည်လည်း ခြေလက်တို့၌ ပိတ်စဖြင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့် စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ပတ်ထားသောအဝတ်များကို ဖြေပေး၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှုကို သတ်ရန်ကြံစည်ခြင်း
45ထိုအခါ မာရိထံသို့ လာကြသည့် ဂျူးလူမျိုးများစွာတို့သည် ထိုအဖြစ်အပျက်ကို တွေ့မြင်ကြသောအခါ ယေရှုကို ယုံကြည်လာကြ၏။ 46သို့ရာတွင် တချို့က ဖာရိရှဲများထံသို့ သွား၍ ယေရှုပြုတော်မူသော ထိုအမှုကို ပြောပြကြ၏။ 47ထို့ကြောင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် တရားလွှတ်တော်အစည်းအဝေးခေါ်၍ “ငါတို့မည်သို့ပြုကြမည်နည်း။ ဤသူသည် နိမိတ်လက္ခဏာများစွာကို ပြလျက်နေ၏။ 48ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်#11:48 မူရင်းဂရိကျမ်းတွင် “နေရာ” ဟု ဖော်ပြထားသည်။နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။
49သူတို့ထဲမှ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖဆိုသူက “သင်တို့သည် မည်သည့်အရာကိုမျှ မသိကြ။ 50တစ်မျိုးသားလုံး သေကျေပျက်စီးခြင်းထက် လူထုကိုယ်စား လူတစ်ဦးတစ်ယောက် အသေခံခြင်းသည် ပို၍ကောင်းသည်ကို သင်တို့မသိကြသလော” ဟု ဆို၏။
51ထိုသို့ဆိုရာ၌ ကယာဖသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆိုသည်မဟုတ်။ သူသည် ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ဂျူးတစ်မျိုးသားလုံးအတွက် ယေရှုအသေခံတော်မူမည့်အကြောင်းနှင့် 52ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ 53ထိုအချိန်မှစ၍ ဂျူးခေါင်းဆောင်တို့သည် ယေရှုကို သတ်ရန် ကြံစည်ကြ၏။ 54ထို့ကြောင့် ယေရှုသည် ဂျူးလူမျိုးတို့အကြား ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှ ထွက်ခွာ၍ တောကန္တာရအနီး ဧဖရိမ်ဟု ခေါ်သော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။ 56ထိုသူတို့သည် ယေရှုကို ရှာကြ၏။ ဗိမာန်တော်ဝင်းအတွင်းသို့ ရောက်သောအခါ “သင်တို့မည်သို့ ထင်သနည်း။ သူသည် ဤပွဲတော်သို့ မလာဘဲနေမည်လော” ဟု အချင်းချင်း မေးမြန်းကြ၏။ 57ထိုအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများက ယေရှုကို ဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုကို တွေ့လျှင် ချက်ချင်းလာရောက် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။