လုကာ 16

16
လိမ္မာပါးနပ်သော​စီမံခန့်ခွဲသူ ပုံဥပမာ
1ယေရှု​သည် တပည့်တော်တို့​အား “တစ်ခါက သူဌေး​တစ်ဦး​တွင် စီမံခန့်ခွဲသူ​တစ်ဦး​ရှိ၏။ ထို​သူ​သည် သူဌေး​၏​ဥစ္စာပစ္စည်းများ​ကို ဖြုန်းတီး​လျက် နေကြောင်း​ကို အခြား​သူများ​က သူဌေး​အား တိုင်ကြားကြ၏။ 2ထိုအခါ သူဌေး​သည် သူ့​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြားရသည်​မှာ မည်သို့နည်း။ သင်​မှတ်ထားသော ငွေစာရင်းများ​ကို ငါ့​အား​ပေးလော့။ သင့်​ကို စီမံခန့်ခွဲသူ​နေရာ​တွင် ဆက်​၍ ခန့်ထား​နိုင်တော့မည်​မဟုတ်’ ဟု ပြောလေ၏။
3ထို​စီမံခန့်ခွဲသူ​က ‘ငါ​သည် မည်သို့​ပြုရမည်နည်း။ သူဌေး​သည် ငါ့​အား စီမံခန့်ခွဲသည့်​အလုပ်​မှ ထုတ်လေပြီ။ ငါ​သည် အလုပ်ကြမ်း​လုပ်​ရန် ခွန်အား​မရှိ။ တောင်းစား​ရန်​လည်း ရှက်ရွံ့၏။ 4ယခု​အလုပ်​မှ ထုတ်ပယ်ခံရ​သော်လည်း မိတ်ဆွေများ​သည် သူတို့​အိမ်​၌ ငါ့​ကို​လက်ခံ​ရန် မည်သို့​ပြု​ရမည်​ကို ငါ​သိပြီ’ ဟု တွေးလေ၏။
5ထို့နောက် မိမိ​သူဌေး​အပေါ် အကြွေးတင်သူများ​ကို ခေါ်ပြီး​မှ ပထမ​လူ​အား ‘ငါ့​သူဌေး​ကို ဆပ်​ရန် သင်​၌ အကြွေး မည်မျှ​ရှိသနည်း’ ဟု မေး၏။ 6အကြွေးတင်သူ​က ‘သံလွင်ဆီ ဂါလန်​ရှစ်ရာ#16:6 ဂရိနိုင်ငံ​သုံး ဘတ်​၁၀၀​နှင့်​ညီမျှသည်။​ရှိသည်’ ဟု ဖြေ၏။ ထိုအခါ စီမံခန့်ခွဲသူ​က ‘သင့်​စာရင်း​ကို​ယူလာ​ပြီး ဂါလန်​လေးရာ#16:6 ဂရိနိုင်ငံ​သုံး ဘတ်​၁ဝဝ​နှင့် ထက်ဝက်အချိုးကျ ၅ဝ​ဘတ် ဖြစ်သည်။ ဟု ချက်ချင်း​ပြင်ရေးလော့’ ဟူ၍ ပြော၏။
7ထို့နောက် အခြားသူ​တစ်ဦး​အား ‘အကြွေး မည်မျှ​ရှိသနည်း’ ဟု မေးလျှင် ထို​သူ​က ‘ဂျုံ​တင်း​တစ်ထောင်#16:7 ဂရိနိုင်ငံသုံး ကောရက်စ်​၁၀၀​နှင့် ညီမျှ၏။​ပေး​ရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူ​ကလည်း ‘ဤသို့​ဖြစ်လျှင် စာရင်း​ကို ယူ​၍ တင်း​ရှစ်ရာ#16:7 ဂရိနိုင်ငံ​သုံး ကောရက်စ်​၈ဝ​နှင့် ညီမျှသည်။​ဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။
8ထိုအခါ သူဌေး​သည် မရိုးသားသော​စီမံခန့်ခွဲသူ​၏​ပါးနပ်သည့်​လုပ်ရပ်များ​ကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့​သည် မိမိတို့​၏​လောကီရေးရာ​ကို လုပ်ဆောင်ရာ​တွင် အလင်း​၏​သားသမီးများ​ထက် ပါးနပ်ကြ​သောကြောင့်​ဖြစ်၏။ 9သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။
10သေးငယ်သော​အမှုကိစ္စများ​၌ သစ္စာရှိသော​သူ​သည် ကြီးသော​အမှုကိစ္စများ​၌ သစ္စာရှိ​လိမ့်မည်။ သို့သော် သေးငယ်သော​အမှုကိစ္စများ​၌ မရိုးသားသော​သူ​သည် ကြီးမားသော​အမှုများ​၌​လည်း ရိုးသား​လိမ့်မည်​မဟုတ်ပေ။ 11သင်တို့​သည် လောကီ​စည်းစိမ်များ​နှင့်​ပတ်သက်၍ ယုံကြည်စိတ်ချရ​သူများ မဟုတ်ကြလျှင် စစ်မှန်သော​စည်းစိမ်များ​ကို သင်တို့​ထံ မည်သူ​အပ်နှံ​လိမ့်မည်နည်း။ 12ထို​နည်းတူ သင်တို့​သည် သူ​တစ်ပါး​၏​ဥစ္စာများ​နှင့်​ပတ်သက်၍ သစ္စာ​မရှိကြ​လျှင် မည်သူ​သည် သင်တို့​ကိုယ်ပိုင်ဥစ္စာ​အဖြစ် ပေးမည်နည်း။
13မည်သည့်​ကျွန်​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​ကို တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ” ဟု မိန့်တော်မူ၏။
14ငွေ​မက်သော ဖာရိရှဲတို့#16:14 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​သည် ထို​စကား​ကို ကြား​သောအခါ ယေရှု​ကို ပြက်ရယ်ပြုကြ၏။ 15ထိုအခါ ယေရှု​က “သင်တို့​သည် လူ​ရှေ့​၌ သူတော်ကောင်း​ကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်​သည် သင်တို့​၏​အတွင်းစိတ်​ကို သိမြင်တော်မူ၏။ လူ​အများ တန်ဖိုးထား​သော အရာများ​သည် ဘုရားသခင်​၏​ရှေ့တော်​၌ စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်၏။
16မောရှေ​၏​ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို နှစ်ခြင်းဆရာ​ယောဟန် မပေါ်မီ​တိုင်အောင် သွန်သင်​လျက်​ရှိ၏။ သို့သော် ယောဟန်​အချိန်​မှ​စ၍ ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​ဆိုင်သော​သတင်းကောင်း​ကို ဟောပြောကြ၏။ လူတို့​သည်လည်း ထို​နိုင်ငံတော်​သို့ အတင်း​တိုးဝင်ကြ၏။ 17သို့ရာတွင် ပညတ်ကျမ်း​ထဲမှ အသေးငယ်ဆုံးသော​အက္ခရာ​တစ်လုံး ပျက်စီး​ရန်​ထက် ကောင်းကင်​နှင့်​မြေကြီး ပျက်စီး​ရန် ပို​၍​လွယ်ကူ၏။
18မိမိ​ဇနီးသည်​ကို ကွာရှင်း​၍ အခြား​အမျိုးသမီးတစ်ဦး​နှင့် လက်ထပ်သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်း​နှင့် ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။
သူဌေးကြီး​နှင့် လာဇရု
19တစ်ခါက သူဌေး​တစ်ဦး​ရှိ၏။ သူ​သည် အဖိုးတန် ခရမ်းရောင်​ပိတ်ချော​အဝတ်​ကို ဝတ်ဆင်​ကာ စည်းစိမ်​ခံစား​၍ နေ့တိုင်း ပျော်ပါး​လျက်​နေ၏။ 20သူ​၏​အိမ်​တံခါးဝ​တွင် အနာစိမ်းများ​နှင့်​ပြည့်နေသည့် လာဇရု​အမည်​ရှိသော ဆင်းရဲသား​တစ်ဦး​ရှိ၏။ သူ​သည် လဲလျောင်း​ကာ 21သူဌေးကြီး​၏​စားပွဲ​မှ​ကျသော စားကြွင်းစားကျန်များ​ကို စား​ရန် တောင့်တ​လျက်​နေ၏။ သူ​၏​အနာစိမ်းများ​ကို ခွေးများ​က လာ​၍ လျက်ကြ၏။
22နောက်ဆုံး​တွင် ထို​ဆင်းရဲသား​ကွယ်လွန်​သဖြင့် ကောင်းကင်တမန်များ​က အာဗြဟံ​၏​ရင်ခွင်​သို့ ပို့ဆောင်ကြ၏။ သူဌေးကြီး​သည်လည်း ကွယ်လွန်​၍ သင်္ဂြိုဟ်ခြင်း​ကို ခံရ၏။ 23သူ​သည် မရဏ​နိုင်ငံ​တွင် ပြင်းစွာသော​ဝေဒနာ​ကို ခံစားရ​သဖြင့် အပေါ်​သို့ မျှော်ကြည့်​ရာ လာဇရု​သည် အာဗြဟံ​ရင်ခွင်​၌ ရှိသည်​ကို အဝေး​မှ မြင်လေ၏။
24ထိုအခါ သူဌေးကြီး​က ‘အဖ​အာဗြဟံ… အကျွန်ုပ်​ကို သနားပါ။ အကျွန်ုပ်​သည် မီးတောက်များ​ထဲတွင် ပြင်းထန်​စွာ ဝေဒနာ​ခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရု​ကို စေလွှတ်​၍ သူ​၏​လက်ဖျား​ကို ရေ​၌ နှစ်စေ​ကာ အကျွန်ုပ်​လျှာ​ကို အေး​စေပါ’ ဟု တောင်းပန်​ပြောဆို၏။
25သို့ရာတွင် အာဗြဟံ​က ‘ငါ့​သား… သင်​အသက်ရှင်စဉ်​ဘဝ​တွင် ကောင်းမွန်သော​အရာများ​ကို ခံစားခဲ့ရပြီး လာဇရု​မှာ မကောင်းသော​အရာများ​ကိုသာ ခံစားခဲ့ရသည်​ကို သတိရလော့။ ထို့ကြောင့် သူ​သည် ဤ​နေရာ​တွင် သက်သာခြင်း​ကို ခံစားရ​၍ သင်​သည် ပြင်းထန်​စွာ ဝေဒနာ​ခံစားရ၏။ 26ထို့ပြင် ငါတို့​နှင့် သင်တို့​စပ်ကြား​တွင် အလွန်​နက်သော​ချောက်ကြီး​တစ်ခု ခြားနား​လျက်​ရှိ၏။ ထို့ကြောင့် ဤ​နေရာ​မှ သင်တို့​ထံသို့​သွားလိုသူ​လည်း မရောက်နိုင်။ ထို​နေရာ​မှ ငါတို့​ထံသို့ လာလို​လျှင်​လည်း မည်သူ​မျှ ကူး​၍ မရောက်နိုင်ပါ’ ဟု ဆိုလေ၏။
27ထိုအခါ သူဌေးကြီး​က ‘အဖ​အာဗြဟံ… ထိုသို့​ဖြစ်​လျှင် လာဇရု​ကို ကျွန်ုပ်​၏​ဖခင်​အိမ်​သို့ စေလွှတ်ပေး​ရန် တောင်းပန်ပါ၏။ 28အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​တွင် ညီ​ငါးယောက်​ရှိ၏။ ဤ​ပြင်းထန်သော​ဝေဒနာ​ခံစားရသည့်​နေရာ​သို့ သူတို့​ရောက်မလာ​စေရန် လာဇရု​ကို သူတို့​ထံသို့ သွား​၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်​ပြောဆိုလေ၏။
29သို့သော် အာဗြဟံ​က ‘သူတို့​အား​သတိပေး​ရန် မောရှေ​နှင့် ပရောဖက်တို့​၏​ကျမ်းများ​ရှိ၏။ ထို​ကျမ်းများ​၏​သွန်သင်ချက်တို့​ကို နာယူကြပါစေ’ ဟု ပြောလေ၏။
30သူဌေးကြီး​ကလည်း ‘အဖ​အာဗြဟံ… ထိုသို့​မဟုတ်ပါ။ သေလွန်သူ​ထဲမှ တစ်စုံတစ်ဦး သွားရောက်​ပါက သူတို့​သည် နောင်တရကြ​ပါ​လိမ့်မည်’ ဟု ဆိုပြန်၏။
31ထိုအခါ အာဗြဟံ​က ‘မောရှေ​နှင့် ပရောဖက်တို့​၏​စကား​ကို​နားမထောင်ကြ​လျှင် သေရာ​မှ ပြန်ရှင်လာသော​သူ​ကိုလည်း ယုံကြည်ကြ​လိမ့်မည်​မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။

Seçili Olanlar:

လုကာ 16: BCB

Vurgu

Paylaş

Kopyala

None

Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın