မဿဲ 12
12
ဥပုသ်နေ့အကြောင်း ဆွေးနွေးခြင်း
1ထိုအချိန်ကာလတွင် ဥပုသ်နေ့၌ ယေရှုသည် ဂျုံခင်းများကို ဖြတ်၍ ကြွတော်မူ၏။ တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံနှံများကို ခြွေဆွတ်၍ စားကြ၏။ 2သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
3ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ 4သူနှင့် သူ၏အပေါင်းအဖော်တို့သည် ဘုရားသခင်၏အိမ်တော်အတွင်းသို့ ဝင်လျက် ယဇ်ပုရောဟိတ်များမှအပ အခြားမည်သူမျှ စားခွင့်မရှိသည့် သန့်ရှင်းသောမုန့်ကို ယူ၍ စား၏။ 5ဗိမာန်တော်၌ တာဝန်ကျသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့၌ အလုပ်လုပ်ခွင့်ရှိသည်ကိုလည်း မောရှေ၏ ပညတ်ကျမ်းတွင် သင်တို့မဖတ်ဖူးသလော။ 6သင်တို့အား ငါပြောဆိုသည်မှာ ဗိမာန်တော်ထက် သာ၍ ကြီးမြတ်သူသည် ဤနေရာ၌ ရှိ၏။ 7သို့သော် ‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’#12:7 ဟော ၆:၆။ ဟူသည့် ကျမ်းစာ၏ အဓိပ္ပာယ်ကို သင်တို့ သိရှိပါက အပြစ်မရှိသော ငါ၏တပည့်တော်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်။ 8အဘယ်ကြောင့်ဆိုသော် လူသား#12:8 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။သည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့၌ ကျန်းမာစေတော်မူခြင်း
9ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ ဂျူးဝတ်ပြုဆောင်သို့ ဝင်တော်မူ၏။ 10ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
11ယေရှုက “သင်တို့၏ သိုးတစ်ကောင်သည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျလျှင် သင်တို့သည် ထိုသိုးကို ဆယ်ယူကြသည်မဟုတ်လော။ 12လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
13ထို့နောက် ယေရှုသည် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကို ဆန့်သောအခါ အခြားသောလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်လေ၏။ 14ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
ဘုရားသခင်ရွေးကောက်တော်မူသော အစေခံယေရှု
15ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။ 16သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
17ဤအရာမှာ ပရောဖက်ဟေရှာယ၏ဟောပြောချက်အတိုင်း ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ
18“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။
သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။
ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။
သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
19သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။
သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
20သူသည် ကြေနေသောကျူပင်ကို မချိုး။
တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။
အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။
21သူ၏ နာမတော်သည်လည်း
လူမျိုးအပေါင်းတို့၏ မျှော်လင့်ရာဖြစ်လိမ့်မည်”#12:21 ဟေရှာ ၄၂:၁-၄။
ဟူ၍ ဖြစ်၏။
ယေရှုနှင့် နတ်ဆိုးများ၏မင်း
22ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။ 23ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
24သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
25ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။ 26အကယ်၍ စာတန်သည် စာတန်ကို နှင်ထုတ်လျှင် သူသည် မိမိကိုယ်မိမိ ပြိုကွဲရန် တိုက်ခိုက်ခြင်းဖြစ်၏။ သူ၏ နိုင်ငံသည်လည်း တည်တံ့ခိုင်မြဲမည်မဟုတ်။ 27ယခုတွင် ငါသည် နတ်ဆိုးတို့ကို ဗေလဇေဗုလတန်ခိုးဖြင့် နှင်ထုတ်လျှင် သင်တို့၏ ပယောဂဆရာတို့သည် မည်သူ့တန်ခိုးဖြင့် နှင်ထုတ်ကြသနည်း။ ထိုပယောဂဆရာတို့ကပင် သင်တို့မှားကြောင်း ထောက်ပြကြလိမ့်မည်။ 28သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။ 29ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။
30ငါ့ဘက်၌ မနေသောသူသည် ငါ့ကိုဆန့်ကျင်၏။ ငါနှင့်အတူ မစုစည်းသောသူသည် ပြန့်ကျဲစေသောသူဖြစ်၏။
31ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ လူတို့သည် မိမိတို့၏ အပြစ်များအားလုံးနှင့် ဘုရားသခင်အား စော်ကားပြောဆိုသောအပြစ်တို့အတွက် ခွင့်လွှတ်တော်မူခြင်းခံရနိုင်၏။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောအပြစ်အတွက် ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။ 32လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
33အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။ 34မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။ 35ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ 36သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ အကျိုးမဲ့ပြောဆိုသောစကားများအတွက် တရားစီရင်သောနေ့ရက်တွင် ဖြေရှင်းချက်ပေးရလိမ့်မည်။ 37သင်တို့ပြောသော စကားများအပေါ်မူတည်၍ အပြစ်ဒဏ်ခံထိုက်သည်၊ မခံထိုက်သည်ကို စီရင်ချက်ချတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ယောန၏ နိမိတ်လက္ခဏာ
38တစ်နေ့တွင် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါ” ဟု လျှောက်ကြ၏။
39သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။ 40ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
41တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ဤမျိုးဆက်တို့နှင့်အတူ ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ ဟောပြောခြင်းအားဖြင့် သူတို့၏ အပြစ်များမှ နောင်တရကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် နောင်တရရန် ငြင်းဆိုကြ၏။ 42တရားစီရင်တော်မူသောနေ့တွင် တောင်ပိုင်းမိဖုရားသည် ဤမျိုးဆက်နှင့်အတူ ထမြောက်၍ ဤမျိုးဆက်အား အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ရန် ဝေးလံသောအရပ်မှ ရောက်လာသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ရှောလမုန်မင်းကြီးထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် ထိုသူ၏ စကားကို နားထောင်ရန် ငြင်းဆိုကြ၏။
43နတ်ဆိုးသည် လူတစ်ဦးအထဲမှ ထွက်သောအခါ တောကန္တာရသို့ လှည့်လည်သွားလာ၍ ခိုနားစရာနေရာ ရှာသော်လည်း မတွေ့သဖြင့် 44‘ငါသည် ယခင်နေခဲ့သောလူထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ သို့ဖြစ်၍ သူသည် ထိုလူထံသို့ ပြန်သွားသောအခါ လှည်းကျင်းထား၍ စနစ်တကျပြင်ဆင်ထားသည်ကို တွေ့လေ၏။ 45ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု၏ စစ်မှန်သောမိသားစု
46ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။ 47လူတစ်ယောက်က ယေရှုအား “သခင်၏ မယ်တော်နှင့် ညီတော်တို့သည် သခင့်အား စကားပြောလို၍ အပြင်တွင် ရပ်စောင့်နေကြပါသည်” ဟု လျှောက်လေ၏။
48ယေရှုက “ငါ့မိခင်သည် မည်သူနည်း။ ငါ့ညီများသည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ 49ထို့နောက် လက်တော်ကို တပည့်တော်များထံသို့ ညွှန်ပြတော်မူပြီးလျှင် “ကြည့်ရှုကြလော့။ ဤလူတို့သည် ငါ့မိခင်နှင့် ငါ့ညီများ ဖြစ်ကြ၏။ 50ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.