တိမောသေဩဝါဒစာပထမစောင် 6
6
မိမိသခင်ကို ရိုသေလေးစားခြင်း
1ဘုရားသခင်၏နာမတော်နှင့်သွန်သင်ချက်တို့သည် စော်ကားပြောဆိုခြင်းမခံရစေရန် ကျွန်ထမ်းပိုးအောက်၌ရှိသမျှသောသူတို့သည် မိမိတို့သခင်များကို အပြည့်အဝရိုသေထိုက်သူများဟု မှတ်ယူကြပါစေ။ 2မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။
ခြားနားသောဩဝါဒနှင့် လူတို့၏လောဘ
3တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင် 4ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။ 5ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
6သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။ 7အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ မည်သည့်အရာကိုမျှ မယူလာသကဲ့သို့ မည်သည့်အရာကိုမျှလည်း ယူသွားနိုင်ကြမည်မဟုတ်။ 8သို့ဖြစ်၍ စားစရာနှင့်ဝတ်စရာရှိလျှင် ထိုအရာတို့နှင့်ကျေနပ်ကြရမည်။ 9ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။ 10အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်ပွဲ
11အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။ 12ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်ပွဲကိုတိုက်၍ ထာဝရအသက်ကို ရယူပိုင်ဆိုင်လော့။ သင်သည် ထိုအသက်အတွက် ခေါ်ယူတော်မူခြင်းကိုခံရ၍ များစွာသောသက်သေတို့ရှေ့တွင် ကောင်းသောဝန်ခံချက်ကိုပေးလေပြီ။ 13ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား 14သင်သည် ငါတို့သခင်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသည့်တိုင်အောင် ဤပညတ်ချက်ကို အစွန်းအထင်းကင်း၍ အပြစ်တင်စရာမရှိအောင် စောင့်ထိန်းလော့။ 15အချိန်တန်သောအခါ ဘုရားသခင်သည် ခရစ်တော်ကိုပေါ်ထွန်းစေတော်မူလိမ့်မည်။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်တော်မူ၏။ 16ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။
ကြွယ်ဝချမ်းသာသူတို့အတွက် ညွှန်ကြားချက်များ
17ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊ 18ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍ 19စစ်မှန်သောအသက်ကိုရယူပိုင်ဆိုင်နိုင်ဖို့ရန် နောင်ဘဝအတွက် ကောင်းသောအုတ်မြစ်ကို မိမိတို့အတွက်ချထားကြရန်လည်းကောင်း ညွှန်ကြားလော့။
သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်ပါ
20အို တိမောသေ၊ သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားနှင့်မဆိုင်သည့် အကျိုးမဲ့သောစကားများနှင့် အသိပညာဟု လွဲမှားစွာခေါ်ဝေါ်ကြသည့် ကွဲလွဲဆန့်ကျင်သောအရာများကို ရှောင်ရှားလော့။ 21လူအချို့တို့သည် ထိုအရာတို့နောက်သို့လိုက်၍ ယုံကြည်ခြင်းလမ်းမှလွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
Currently Selected:
တိမောသေဩဝါဒစာပထမစောင် 6: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative