တိမောသေဩဝါဒစာဒုတိယစောင် 3
3
နောက်ဆုံးသောနေ့ရက်တို့၌ကျရောက်မည့် ခဲယဉ်းသောအချိန်ကာလများ
1သို့သော် နောက်ဆုံးသောနေ့ရက်တို့၌ ခဲယဉ်းသောအချိန်ကာလများကျရောက်မည်ဖြစ်ကြောင်း သိမှတ်လော့။ 2အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊ 3ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ မိမိစိတ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုကိုမုန်းသောသူ၊ 4သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ 5ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
6အကြောင်းမူကား သူတို့ထဲမှ အချို့တို့သည် အိမ်များသို့ မသိမသာဝင်ပြီးလျှင် တပ်မက်ခြင်းအမျိုးမျိုး၏သွေးဆောင်ရာသို့လိုက်ပါလျက် အပြစ်ကိုထပ်တလဲလဲပြုနေသော မိန်းမမိုက်များကို သိမ်းသွင်းကြ၏။ 7ထိုမိန်းမတို့သည် အမြဲသင်ယူနေကြသော်လည်း မည်သည့်အခါမျှ သမ္မာတရားကိုသိရှိခြင်းသို့ မရောက်နိုင်ကြ။ 8ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။ 9သူတို့သည် နောက်ထပ်တိုး၍ တက်လှမ်းနိုင်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့၏မိုက်မဲမှုသည် ထိုသူနှစ်ဦးတို့၏မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာလိမ့်မည်။
သမ္မာကျမ်းစာပေးသောအကျိုးကျေးဇူး
10သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊ 11အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။ 12အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ 13ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။ 14သင်မူကား မိမိသင်ယူ၍ အခိုင်အမာယုံကြည်သည့်အရာများ၌ တည်နေလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာတို့ကို မည်သူတို့ထံမှ သင်ယူခဲ့သည်ကိုလည်းကောင်း၊ 15ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။ 16ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။ 17ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။
Currently Selected:
တိမောသေဩဝါဒစာဒုတိယစောင် 3: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative